ရေထွက်ကုန်ဈေးကျသဖြင့် ငါးဖမ်းလှေအချို့ရပ်နား

0
665
ငါးဖမ်းလှေ

၀ယ်လိုအားကျဆင်းခြင်း၊ ကုမ္ပဏီ များက အကြွေးစနစ်ဖြင့် ဝယ်ယူခြင်းတို့ကြောင့် ရေထွက်ကုန် ဈေးနှုန်းကျဆင်းနေပြီး ငါးဖမ်းလှေအချို့ ရပ်နားထားလိုက်ပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရေထွက်ကုန်တင်ပို့ ရောင်းချနေသူ အချို့က‌ ပြောသည်။

ရေထွက်ကုန်ဈေးနှုန်းများထက် ဝက်ခန့်ကျဆင်းနေသည့်အပြင် ပုဂ္ဂလိက ဘဏ်များပိတ်ထားသဖြင့် ရေထွက်ကုန် ရောင်းချမှုတွင် ငွေပေးချေရန်(ငွေလွှဲ ငွေထုတ်ရန်) အခက်အခဲများရှိနေသဖြင့် ငါးဖမ်းလှေ ၃၀ ရာခိုင်နှုန်းခန့်မှာ ရပ်နားလိုက်ပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သက် က ပြောသည်။

“ငွေစီးဆင်းမှု ရပ်ထားတဲ့ သဘောဖြစ်နေတော့ ငါးက ဝယ်တော့ ဝယ်တယ် ငွေမချေနိုင်ဘူးဆိုတော့ လှေပြန်ထွက် ဖို့စရိတ်တင်ဖို့ ပိုက်ဆံလိုတယ်လေ။ အဲဒီတော့ နားတဲ့လှေတွေ နားကုန်တာပေါ့” ဦးကျော်ကျော်သက်က ပြောသည်။

ယင်းသို့ အခက်အခဲဖြစ်နေသည်မှာ တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာပြီး ဘဏ်များပိတ်ထား ကတည်း ကဖြစ်သည်ဟု ၎င်းက ဆိုသည်။

နိုင်ငံနှင့်အဝန်းတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသဖြင့် ပြည်တွင်းဈေးကွက်တွင် သားငါးဝယ်လိုအား ကျဆင်းနေပြီး ရေထွက်ကုန်ဈေးနှုန်းများလည်း ကျဆင်းလာကြောင်း ထားဝယ်မြို့၊ မြောင်း ပုလဲရပ်ရှိ ရေထွက်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင် ဒေါ်မီးမီးက ပြောသည်။

“ပြည်တွင်းစားငါးတွေကျတော့ ဈေးကိုမရှိလို့ တချို့လှေတွေဆို နားဖို့ ပြောနေကြပြီ” ဟု ဒေါ်မီးမီးက ဆိုသည်။

ရေထွက်ကုန်များကို ထီးခီးနယ်စပ် မှ အဓိက တင်ပို့နေကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်းစားရေထွက်ကုန်မှာ ငါးမဲလုံး၊ ဘီးဇင်း၊ ငါးရောင်၊ ဒလွယ် စသည့် ပြည်ပဈေးကွက်တင်ပို့မရသည့် ရေထွက်ကုန်များဖြစ်သည်။ ပြည်ပပို့ ရေထွက်ကုန်မှာ ဘဝဲ၊ ကင်းမွန်၊ ကဏန်း၊ ကျောက်ငါး စသည်တို့ ဖြစ်သည်။