(ထားဝယ် သပိတ် ရှစ်ရက်မြောက်နေ့- ဖေဖော်ဝါရီ ၁၂ )

လူစည်ကားလေ့ရှိသည့် ထားဝယ်မြို့လယ်တစ်နေရာ လမ်းမပေါ်တွင် ခေါင်းတလားလုံးချကာ လူတစ်အုပ်ဖဲရိုက်နေကြသည်။

ခေါင်းတလားထိပ်တွင် ဓာတ်ပုံတစ်ပုံကပ်ထားကာ လူတစ်ဦး အမည်ကိုရေးထားပြီး အသက် ၆၅ နှစ်ဟု ရေးထားသည်။ အသုဘအခမ်းအနားတစ်ခုမြင်တွေ့ရသည့်မြင်ကွင်းအတိုင်း ခေါင်းတလား ရှေ့တွင် ကြေးစည်ထုသူ၊ အမျှဝေသူများလည်း ရှိနေသည်။

ထိုအသွင်သဏ္ဌာန်မှာ ထားဝယ်ဒေသခံများ၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် သရုပ်ဖော်တင်ဆက်မှုဖြစ်သည်။

ထားဝယ်မြို့တွင် ထိုကဲ့သို့ သရုပ်ဖော်မှုအပြင် အခြားပုံသဏ္ဌာန် မျိုးစုံဖြင့်လည်း ဆန္ဒထုတ်ဖော်နေကြသည်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှစ်ရက်မြောက်လည်း ဖြစ်သည်။

ထားဝယ်ရေအိုးရွက်အကသဏ္ဌာန်၊ ဘင်ခရာတီးဝိုင်း၊ ကာယ ဗလမောင်၊ ခြင်္သေ့အက အစရှိသည့် သရုပ်ဖော်မှုများစွာဖြင့်လည်း ဆန္ဒဖော်ထုတ်ကြသည်။

ထို့အပြင် ချိန်ခွင်ကိုင်ထားသည့် တရားစောင့်နတ်သမီးအား မျက်လုံးပိတ်ထားသည့် သရုပ်ဖော်တင်ဆက်မှုများလည်း တွေ့ရသည်။

ရှစ်ရက်ကြာမြင့်လာပြီဖြစ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ထိုသို့ သရုပ်ဖော်ပြီး ဆန္ဒပြကြသကဲ့သို့ ပြည်သူများ နှင့်အတူ ဌာနဝန်ထမ်းတို့လည်း ပါဝင်လာသည်။

ထွေအုပ်၊ ပညာရေး၊ စိုက်ပျိုးရေး၊ ပြည်တွင်းအခွန်၊ ဆောက်လုပ်ရေး၊ တက္ကသိုလ်များ၊ မြေစာရင်း၊ သဘာဝပတ်ဝန်းကျင်၊ သစ်တော၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ နည်းပညာအထက်တန်းကျောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) နှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်း အစရှိသည့် ဝန်ထမ်းများဖြစ်သည်။

(ထားဝယ် သပိတ် ရှစ်ရက်မြောက်နေ့- ဖေဖော်ဝါရီ ၁၂ )

ထားဝယ်ခရိုင်ပညာရေးဝန်ထမ်း ဆရာ/ဆရာမများကမူ သီးခြားစစ်ကြောင်းအနေဖြင့် တစ်ရက်ခြားဆန္ဒပြနေကြသည်။

ပင်မသပိတ်စစ်ကြောင်းအပြင် သီးခြားစစ်ကြောင်းများကလည်း ထားဝယ်မြို့အတွင်းချီတက်နေသကဲ့သို့ ထိုင်သပိတ် ဆင်နွှဲသူများလည်း ရှိသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထွေအုပ်ဝန်ထမ်းတစ်ဦးက ဆန္ဒပြရခြင်းအကြောင်းရင်းကို မိုက်ခရိုဖုန်းဖြင့် ထပြောပြီး ကျန်ဝန်ထမ်းများလည်း ပူးပေါင်းစေချင်သည်ဟု ပြောသည်။

ထိုသို့ ဟောပြောနေချိန်တွင် ယူနီဖောင်းဝတ် သစ်တောဝန်ထမ်း၊ ထွေအုပ်ဝန်ထမ်းတို့က ထိုင်သပိတ်ဆင်နွှဲနေကြသည်။

နံနက် ၈ နာရီခွဲတွင် စထွက်သည့် ရှစ်ရက်မြောက်ဆန္ဒပြပွဲတွင် ပင်မသပိတ်စစ်ကြောင်းက ဥတ္တံတားကြီးလမ်းဆုံမှ ဆေးရုံလမ်းအတိုင်း စတင်ချီတက်ခဲ့သည်။

ဆေးရုံလမ်းမှ ရွှေတောင်စားဘုရားလမ်းသို့ ကွေ့ပြီး မီးသတ် လမ်းဆုံသို့ ဆက်လက်ချီတက်ခဲ့သည်။ ယင်းနောက် မီးသတ်လမ်းဆုံ မှ ရေးလမ်းအတိုင်း မြို့သစ် ၄ လမ်းရှိ ကညနရုံးဘက်သို့ ဆက်သွားခဲ့သည်။

လမ်းတစ်လျှောက်တွင် ဘင်ခရာတီးဝိုင်းက “အရေးကြီးပြီ ညီနောင် အပေါင်းတို့၊ သွေးစည်းကာ ညီစေညီကြစို့” စသည့် သီချင်းအား တောက်လျှောက်တီးမှုတ်နေကြသည်။

မြို့သစ် ၄ လမ်းမှ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာဝင်း ရှေ့အရောက်တွင် ထိုင်သပိတ်ဆင်နွှဲကြပြီး သပိတ်ခေါင်းဆောင်များ က တစ်လှည့်စီဟောပြောကြသည်။ ထိုအချိန်တွင် အစိုးရအိမ်ရာဝင်းအတွင်း ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော်သားအချို့ရှိနေပြီး ချောင်းကြည့်နေ ကြသည်။

မိနစ် ၃၀ ခန့် ဟောပြောပြီးချိန်တွင် လူငယ်အချို့က သံချပ်ထိုး ကြသည်။ ဘင်ခရာတီးကြသည်။

ထိုနောက် ပင်မသပိတ်စစ်ကြောင်းက ဆန်းချီရပ်ကွက်ဘက်သို့ ဆက်လက်ချီတက်ခဲ့ကြသည်။

ထိုအချိန်တွင် ဥတ္တံတားကြီးလမ်းဆုံနှင့် ဗဟိုလမ်းဆုံတို့တွင် ပြည်သူများက ထိုင်သပိတ်ဆင်နွှဲနေကြသည်။

ဥတ္တံတားကြီးလမ်းဆုံတွင် ခေါင်းတလားတစ်လုံးဖြင့် အသုဘ တစ်ခုအသွင် သရုပ်ပြတင်ဆက်သူများရှိသကဲ့သို့ ပဲပင်ပေါက်ကို အသုံးပြုပြီး တဘောင်လိုလို စကားစုတစ်ခုကို ရွတ်ဆိုပြီး သရုပ်ပြသူ များလည်း ရှိသည်။

ထိုအချိန်တွင် ပင်မသပိတ်စစ်ကြောင်းက ဆန်းချီဘက်မှ ဥတ္တံတားကြီးလမ်းဆုံသို့ ရောက်လာပြီး မိနစ်၃၀ ခန့် ထပ်မံဟောပြော ခဲ့ကြသည်။

နံနက် ၁၁ နာရီခွဲခန့်တွင်မူ ပင်မသပိတ်စစ်ကြောင်း၏ ခေါင်းဆောင်တစ်ဦးက ယနေ့အတွက် ငြိမ်းချမ်းစွာလူစုခွဲတော့မည် ဖြစ်ကြောင်း ကြေညာလိုက်သည်။

ရဲတပ်ဖွဲ့ကမူ တိုင်းအစိုးရရုံးရှေ့လမ်းကို အခိုင်အမာပိတ် ထားပြီး ရဲအင်အားအများအပြား ချထားရုံမှလွဲ၍ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဆန္ဒပြပွဲပြီးဆုံးချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကမူ တိုင်းအစိုးရရုံးရှေ့လမ်းအပြင် ရဲစခန်းအရှေ့လမ်းကို အလှသစ်လမ်းဆုံမှ စတင်ပိတ်ထား လိုက်သည်။

ထားဝယ်မြို့ ဆန္ဒပြပွဲတွင် စစ်ကြောင်းပါဆန္ဒပြသူများအား ရေသန့်ဘူး၊ အအေး၊ နှာခေါင်းပိတ်၊ စနိုးတာဝါ အစရှိသည့် အစားအသောက်နှင့် အသုံးအဆောင်ဝေငှသူ တစ်နေ့ထက်တစ်နေ့ ပိုများလာသည်။

ထားဝယ်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ဆန္ဒပြမှုများ နေ့စဉ်ဖြစ်ပွားနေသည့်နည်းတူ တပ်မတော်ထောက်ခံပွဲလည်း ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လည်တွင် တပ်မတော် ထောက်ခံသူ လူဦးရေ ရာဂဏန်းက ကားအစီးရေ ၂၀ ကျော်ဖြင့် လှည့်လည်ခဲ့သည်။

ထားဝယ်မြို့အဝင်ဖြစ်သည့် ဗျောတောဝဂိတ်အနီးတွင် စုရပ်အဖြစ် ဆုံကြပြီး ထားဝယ်မြို့အတွင်း လှည့်လည်ရန် စတင်ခွာခဲ့သည်။

ကားများတွင် မြန်မာနိုင်ငံအလံများ ထောင်ထားပြီး တပ်မတော်အား ထောက်ခံသည့် စာသားများရေးထားသည့် ဗီနိုင်းနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဗီနိုင်းဓာတ်ပုံများကို ချိတ်ဆွဲထားသည်။ ထောက်ခံသူများကလည်း အလံငယ်များကို ကိုင်ဆောင်ထားကြသည်။

လူစုံချိန်တွင် ထောက်ခံသူများက ကားများဖြင့် စတင်ထွက်ခွာ လာရာ ဗျောတောဝဂိတ်အလွန်လမ်းဆုံ အရောက်တွင် ပြည်သူအချို့က သံပုံးတီးကန့်ကွက်ကြသည်။

ထောက်ခံသူယာဉ်တန်းက အဝေးပြေးကားဝင်းဘက်သို့ ဦးတည် ထွက်သွားပြီး မြို့သစ် ၇ လမ်း ဆင်ဆိပ်လမ်းကွေ့အရောက်တွင် လူဦးရေ ရာဂဏန်းပါသည့်အဖွဲ့က သံပုံးတီး ကန့်ကွက်နေကြပြန် သည်။

အထက်ပါ ယာဉ်တန်းက ထားဝယ်မြို့အတွင်း မဝင်တော့ဘဲ မြို့သစ် ၇ လမ်းသို့ ဝင်ရောက်သွားချိန်တွင် လမ်းတစ်လျှောက် သံပုံးတီး သူများဖြင့် ပြည့်သွားခဲ့သည်။

ထိုသို့ သံပုံးတီးသူများလာချိန်တွင် ယာဉ်တန်းက ဆက်မသွားတော့ဘဲ မြို့သစ် ၇ လမ်းခုလတ်တွင် ရပ်လိုက်သည်။

ထိုနောက် ကားတွင်လွှင့်ထူထားသည့်အလံများနှင့် ဗီနိုင်းများကို အလောတကြီးသိမ်းလိုက်ပြီး ကားများကိုလည်း နီးစပ်ရာလမ်းများသို့ အကွဲကွဲအပြားပြားမောင်းနှင်သွားကြသည်။

ထိုအချိန်တွင် သံပုံးတီးသူများက လမ်းတစ်လျှောက်အပြည့်ပင်။

ထိုကဲ့သို့ တစ်ဘက်နှင့်တစ်ဘက် ဆန့်ကျင်/ ထောက်ခံဆန္ဒပြနေသည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထောင်စုနေ့ အခမ်းအနားအား ထားဝယ်မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် တက်ရောက်ခဲ့သည်။

ဖေဖော်ဝါရီလ ဆန္ဒပြပွဲများက မည်မျှ ဆက်သွားဦးမည် မသိ။ ၂၀၂၁ ဖေဖော်ဝါရီရက်စွဲများက မသိကိန်းများနှင့် မရေရာမှုများက ကြီးစိုးနေသည်။