စစ်အစိုးရ၏ ကမ်းလှမ်းမှု လက်ခံသည့်အပေါ် မွန်ပါတီတွင်း သဘောထားကွဲ

0
201
Dawei Watch, Dawei News, Dawei News Media

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်ရန် အာဏာသိမ်း စစ်အစိုးရ၏ ကမ်းလှမ်းမှုကို လက်ခံလိုက်သည့်အပေါ် မွန်ညီညွတ်ရေးပါတီအတွင်း သဘောထားကွဲလွဲမှု ဖြစ်ပေါ်နေသည်ဟု သိရသည်။

မွန်ညီညွတ်ရေးပါတီအနေနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်ရန် ကမ်းလှမ်းခံရသည့်အပေါ် ဖေဖော်ဝါရီ ၆ ရက်နေ့က ပါတီဗဟို အလုပ်အမှုဆောင် အရေးပေါ်အစည်း အဝေးခေါ်ယူပြီး ကမ်းလှမ်းမှုကို လက်ခံရန် ဆုံးဖြတ်ခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်သည် ပါတီခေါင်းဆောင် အားလုံး၏ အများစု သဘောထားသာဖြစ်သည်ဟု ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“သဘောထားကွဲလွဲမှု တော်တော် ဖြစ်ကြတယ်။ အကြိတ်အနယ် ဆွေးနွေး ကြတယ်။ ကျွန်တော်တို့ကတော့ လက်မခံ သင့်ဘူးဆိုတဲ့ဘက်က ပါတာပေါ့နော်။ ဒါက CEC အများစုက သဘောထားဆန္ဒ နဲ့ ဆုံးဖြတ်ခဲ့လို့ ပြောရမယ်။ CEC အားလုံးရဲ့ သဘောထားဆန္ဒလို့တော့ ပြောလို့မရဘူး” ဟု ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်ရေး လက်ခံ မခံကို ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၃၈ ဦးတွင် လက်ခံသူ ၂၆ ဦး၊ လက်မခံသူ ၁၀ ဦးနှင့် ကြားနေ ၂ ဦးဖြင့် မဲခွဲပြီး လက်ခံကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

အာဏာသိမ်း စစ်အစိုးရ၏ ကမ်းလှမ်းမှုကို လက်ခံခြင်းသည် ပါတီအခြေခံ စည်းမျဉ်းနှင့်လည်း သွေဖည်နေသည်ဟု လည်း ပါတီဗဟိုအလုပ်အမှုဆောင်ပါတီ ဝင် အချို့က ထောက်ပြကြသည်။

“ဒါကြီးကို ဆုံးဖြတ်လိုက်တော့ ပါတီမှာ တော်တော်ဂယက်ရိုက်သွားတယ်။ အဲဒါကြောင့်မို့ ဒါကို အရင်စလို မဆုံးဖြတ်ကြပါနဲ့။ လက်မခံပါနဲ့အုံး (ကော်မတီဝင်) CC နဲ့ ပြန်ညှိနှိုင်းဖို့လို တယ်။ နောက်တစ်ခုက ပါတီရဲ့ အခြေခံ စည်းမျဉ်းထဲမှာကိုက အာဏာရှင်စရိုက် တွေ လူမျိုးကြီးဝါဒတွေ အားမပေးဖို ပါတယ်။ အဲဒါကိုလည်း ထောက်ပြကြတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင် မည်ဆိုသည့် ဆုံးဖြတ်ချက်အပေါ် ပါတီဝင်များအကြား သဘောထားကွဲလွဲ ရှိနေသလို ပြည်သူထုအကြားမှာလည်း ဝေဖန်ပြောဆို ရှုတ်ချမှု အရှိန်မြင့်တက် လျက်ရှိသည်။

၎င်းပြင် ပါတီက ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်အပေါ် လက်မခံသည့် ပါတီဝင် အချို့ကလည်း တရားဝင် စာတင်ပြီး ပါတီမှ နုတ်ထွက်မှုလည်း ရှိနေသည်။

ပါတီထိပ်ပိုင်းခေါင်းဆောင်တို့ကမူ ထိပ်တိုက်ရင်ဆိုင်ရမည့် လမ်းကြောင်းထက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ်ရောက်လိုသည့် ရည်ရွယ်ချက်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်မည့်ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းဖြစ်သည်ဟုပြောသည်။

“သမိုင်းအတွေ့အကြုံအရ ကျွန်တော် တို့တွေက ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်တဲ့နေရာမှာ ထိပ်တိုက်ရင် ဆိုင်တဲ့လမ်းကြောင်းကို လျှောက်ခဲ့ကြတယ်။ အဲဒီထိပ်တိုက်ရင်ဆိုင်တဲ့လမ်း ကြောင်းကို လျှောက်ခဲ့တဲ့သမိုင်းကြောင်းတွေမှာ ပြည်သူတွေ တိုင်းရင်းသားတွေ အသက်ပေးပြီးတော့ သွေးချောင်းစီးခဲ့ရတယ်။ နိုင်ငံရေးရလဒ်အဖြေတွေက ဒီအချိန်ထိ တစ်စုံတစ်ရာ မရရှိသေးဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ အားလုံး ရည်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရောက်ဖို့အတွက်က ထိပ်တိုက်ရင် ဆိုင်တဲ့လမ်းကြောင်းက ပြည်သူလူထုအတွက် အကျိုးမရှိဘူး။ ဒါကြောင့်မို့ အဲဒီထိပ်တိုက်ရင်ဆိုင်တဲ့လမ်းကြောင်းကို ရှောင်လွှဲပြီးတော့ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းပေါ်ရောက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပူးပေါင်းသွားမယ်ဆိုတဲ့သဘောထားရှိတယ်” ဟု ပါတီတွဲဖက် အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။

မွန်ညီညွတ်ရေးပါတီကဲ့သို့ အခြား တိုင်းရင်းသားပါတီတို့ကလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်တွင် ပါဝင်ရန် ကမ်းလှမ်းခံကြရပြီး ကမ်းလှမ်းခံရသည့်အပေါ် လက်ခံသည့် တိုင်းရင်းသားပါတီများ ရှိသလို့ လက်မခံသည့် ပါတီများလည်းရှိနေသည်။