မွန် ဝန်ကြီးချုပ် ပြန်လည်ဖမ်းဆီး ခံရ

0
185
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ညက တပ်မတော်က ပြန်လည်ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရသည်။

တပ်မတော်က အာဏာသိမ်းယူ သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ပိုင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပါအဝင် မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးအများစုတို့က တပ် မတော်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအားလုံး ပြန်လွှတ်ပေးခဲ့ပြီး ပြည်နယ်အစိုးရဝန်ကြီးအိမ်ရာတွင် အကျယ်ချုပ်ထားရှိထားရာမှ ဝန်ကြီးချုပ် ကို ပြန်လည်ခေါ်ဆောင်သွားခြင်းဖြစ်သည်။

“ဝန်ကြီးချုပ်ကို မနေ့ညက ပြန် ခေါ်သွားပါတယ်။ ဘယ်ကိုခေါ်သွားလဲတော့ မသိသေးဘူး။ ဘာမှလည်း သတင်းမရသေးဘူး” ဟု နီးစပ်သူတစ်ဦး က ပြောသည်။

ဝန်ကြီးများကိုမူ အစိုးရအိမ်ရာဝင်း အတွင်းတွင်ပင် အကျယ်ချုပ်ထားထားပြီး လုံခြုံရေး တင်းကျပ်ထားသည်ဟု ဝန်ကြီး များထံမှ သိရသည်။

“ဝန်ကြီးတွေကတော့ အစိုးရ အိမ်ယာထဲမှာပဲ ရှိနေတယ်။ အပြင်ထွက် လို့မရဘူး။ ဖုန်းတွေလည်း အကုန်သိမ်း ထားတယ်” ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

အလားတူ နေအိမ်အကျယ်ချုပ်ခံ ထားရသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အခြားတိုင်း နဲ့ပြည်နယ်က ဝန်ကြီးချုပ် ဝန်ကြီးအချို့ လည်း ပြန်လည်ဖမ်းဆီးခံရသည့်အပြင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဒေါ်ခင်ဌေးကြွယ်လည်း ဖမ်းဆီးခံရကြောင်း သိရသည်။