ထားဝယ် ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် လူနာပြည့်

0
283

CDM ကြောင့် အစိုးရဆေးရုံတွင် ဆရာဝန်၊ သူနာပြု ဆရာ၊ ဆရာမ၊ ကျန်းမာရေးဝန်ထမ်းအင်အား လျော့နည်း သွားခြင်း၊ ရုံးမတက်ခြင်းများ ရှိသဖြင့် ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် လူနာများ ပြည့်လာသည်ဟု ထားဝယ်ရှိ ပြင်ပ ဆေးရုံ၊ ဆေးခန်းအချို့ထံမှ သိရသည်။

ယခင်က ဆေးခန်းလာပြသူလူနာ မနက်၊ ညနေနှစ်ကြိမ်တွင် လူနာ သုံးဆယ်ခန့်ရှိသော်လည်း ယခုအခါ နှစ်ဆမှ သုံးဆခန့်အထိ ဖြစ်လာသည်ဟု ထားဝယ်မြို့၊ ချမ်းမြေ့ဆေးရုံ ဦးဆောင်သူ ဒေါက်တာယုဝါက ပြောသည်။

“အခက်အခဲတော့ မရှိဘူး။ ဝန်ထမ်း တွေတော့ ပျာယာခတ်နေတာပဲ။ ညဆိုလည်း တစ်နာရီမှ အိပ်ရတယ်။ Breakfast ဆိုလည်း မနက်စာက နေ့လယ်စာဖြစ် သွားတယ်။ နေ့လယ်စာလည်း ညစာ ဖြစ်သွားတယ်” ဒေါက်တာယုဝါက ဆို သည်။

ယခင်က တစ်ရက်လျှင် ဆေးရုံခန်းလာသူ လူနာ ၆၀ ဦးခန့်သာရှိသော်လည်း ယခုအခါ ၈၀ ခန့်အထိဖြစ်လာပြီး ဆေးရုံ ရှိကုတင်များတွင်လည်း တစ်ယောက်ဆင်း တစ်ယောက်တက်ဖြင့် လူမျှနေ သည်ဟု ထားဝယ်မြို့၊ အခြား ပုဂ္ဂလိက ဆေးရုံတစ်ခုမှ တည်ထောင်သူတစ်ဦးက ပြောသည်။

“အတက်နဲ့ အဆင်းနဲ့တော့ မျှမျှပဲ။ ကုတင်မလောက်တဲ့ အထိတော့ ကျွန်မတို့ လက်မခံဘူး” ဟု တည်ထောင်သူက အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံအဝန်းတွင် ဖြစ်ပေါ်နေပြီး ကျန်းမာရေးဝန်ထမ်းအများစုမှာ ရုံးမတက်ခြင်းဖြင့် CDM တွင်ပါဝင်ကာ ဆန္ဒပြနေကြသည်။

ယင်းကြောင့် ထားဝယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ပြင်ပလူနာဌာနတွင် ဆေးရုံလာပြရာတွင် ဆရာဝန်မရှိ သဖြင့် ပြင်ပဆေးခန်းနှင့် ဆေးရုံများတွင် လာရောက်ပြသသူများလာသည်ဟု ယင်းအသိုင်းအဝိုင်းထံမှ သိရသည်။

ဇမ္ဗူသီရိဆေးခန်းတွင် ယခင်က လာရောက်ပြသသည့် လူနာ တစ်ရက် ဆယ်ဦးခန့်သာရှိသော်လည်း ဖေဖော်ဝါရီ ဒုတိယအပတ်တွင် တစ်ရက် လူနာ ၄၀ မှ ၁၀ဝ ကျော်အထက်ထိ ရှိလာကြောင်း ဇမ္ဗူသီရိအရေးအပေါ် လူနာကူညီသယ် ဆောင်ရေး အဖွဲ့ခေါင်းဆောင် ကိုနိုင်မျိုးသွင်က ပြောသည်။

“ကျွန်တော်တို့ဆီ ရောက်လာတာ က လက်ရှိမှာလည်း ထားဝယ်ဆေးရုံ ကြီးမှာ ဆေးကုသမှုခံယူဖို့ နေရာတွေ မရှိဘူးလေ၊ လူနာလက်ခံတာမရှိဘူး ဆိုတော့ ကျွန်တော်တို့ဆီမှာပဲ လာပြီးတော့ ပြသတာတွေ လုပ်နေတာပေါ့ခင်ဗျာ” ကိုနိုင်မျိုးသွင်က ပြောသည်။

ယင်းကြောင့် ဇမ္ဗူသီရိဆေးခန်းတွင် ဆေးရုံတက်ရောက်ကုသနိုင်ရန် လူနာ ကုတင်များကိုလည်း ထပ်မံဖြည့်သွင်းထားပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာနှစ်ဦးမှာ ဆင်းသွားပြီဖြစ်သည်ဟု ၎င်းက ပြောသည်။

ဇမ္ဗူသီရိဆေးခန်းတွင် ကုတင် ၂၅ ခုခန့်ရှိပြီး ယခင်က ပင်တိုင်ကြည့်ပေး နေသည့် အထူးကု ဆရာဝန်နှင့် ဆရာဝန်မများ ၇ ဦးသာရှိသော်လည်း ယခုအခါ စေတနာ့ဝန်ထမ်းအဖြစ် လာရောက် ကြည့်ရှုပေးနေသည့် အထူးကုဆရာဝန်များ ထပ်တိုးလာကြောင်း ကိုနိုင်မျိုးသွင် က ပြောသည်။

တပ်အာဏာသိမ်းပြီးနောက် ၁၁ အကြာတွင် ဆန့်ကျင် ဆန္ဒပြသူများမှာ အလွှာစုံမှ ဖြစ်လာသည်။