ကံစမ်းပဒေသာ ရဲ မမြင်ပါ

0
422
ကံစမ်းပဒေသာ ရဲ မမြင်ပါ

သုံးထပ်သားသစ်သားပေါ်တွင် အဝတ်မွှေးရည်မှစ၍ ထမင်းပေါင်းအိုး၊ ပန်ကာ၊ တီဗီတင်စားပွဲအထိ တန်ဖိုးရှိ ပစ္စည်းများ ချိတ်ဆွဲထားသည်။

နောက်ထပ်သစ်သားပြား တစ်ခုပေါ်တွင် မဲလိပ်များကို အစီအရီကပ်နှိပ် ထားပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများ ကို ဆွဲဆောင်နေသည်။

မဲလိပ်တစ်လိပ်လျှင် ငွေကျပ် တစ်ရာတည်းသာ သတ်မှတ်ထားသည့်အတွက် ရပ်ကွက်/ကျေးရွာ အတွင်းရှိ လက်လုပ်လက်စားများအဖို့ မက်လောက်စရာ ကံစမ်းနည်းတစ်မျိုးပင်။ ငွေတစ်ရာ ဖိုးရင်း၍ သောင်းချီတန်ဖိုးရှိသော ထမင်းပေါင်းအိုးတစ်လုံး မဲပေါက်ပါက မက်စရာ။

ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်မှ အစ ကွမ်းယာဆိုင်အဆုံး တွင်တွင်ကျယ် ကျယ်ရှိနေပြီး ထားဝယ်ဒေသတစ်ခွင် ရပ်ကွက်ကျေးရွာ အများစုတွင် ထိုကံစမ်း ပဒေသာများက လွှမ်းမိုးလာသည်။

ဆုမဲအနေဖြင့် ထမင်းပေါင်းအိုး၊ ပန်ကာ၊ တီဗီတင်စားပွဲမှအစ အဝတ်မွှေးဆပ်ပြာရည်အထိ ဆုမဲပေါင်း ၃၀ ဝန်းကျင်အထိ ထည့်သွင်းထားသည်။

အဆိုပါ ကံစမ်းပဒေသာတစ်စုံလျှင် ကျပ်တစ်သိန်းတစ်သောင်းဖြင့် ဝယ်ယူပါက မဲလိပ် အကုန်ရောင်းချရပြီးချိန်တွင် ငွေကျပ်တစ်သိန်းခွဲရမည်ဖြစ်သည့်အတွက် အမြတ်ငွေ လေးသောင်းရရှိမည် ဖြစ်သည်။

ယခင်ကလည်း ထိုကဲ့သို့သော ကံစမ်းပဒေသာများ ပေါ်ခဲ့ဖူးသော်လည်း လက်ရှိကိုဗစ်ကပ်ဘေး ဖြစ်ပွားနေသည့် အချိန်လောက် မတွင်ကျယ်ခဲ့ပေ။

ထိုကံစမ်းပဒေသာများကို ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်တစ်ခုနှင့် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် ထုတ်လုပ်နေပြီး ဝယ်ယူရောင်းချလိုပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုပင် ပေါ်ပေါ်ထင်ထင်ထည့်သွင်းထားသည်။

ကံစမ်းပဒေသာဝယ်ယူပါက သုံးဘီး ဆိုင်ကယ်ဖြင့် ဆိုင်အရောက်ပို့ပေးပြီး မြို့ပေါ်တွင် ငွေကျပ်တစ်သိန်း တစ်သောင်းနှင့် နယ်ဘက်သို့ ပို့ရမည်ဆိုပါ က တစ်သိန်းနှစ်သောင်းနှုန်း သတ်မှတ်ထားကြောင်း တနင်္သာရီအပတ်စဉ်က စုံစမ်းသိရသည်။

အဆိုပါ ကံစမ်းပဒေသာတွင် ကြော်ငြာထားသည့် ဖုန်းထံ ဆက်သွယ်မေးမြန်းချက်အရ ဆုကြီးအများစု မဲပေါက်သွားပါက အစုံလိုက် ပြန်လဲပေးပြီး ရောင်းရသည့်ငွေအပေါ်တွင် ကော်မရှင်ခအနေဖြင့် ဆယ်ရာခိုင်နှုန်းပြန်ပေးသည် ဟု ဆိုသည်။

ထိုကဲ့သို့ ရောင်းချနေသည့်အပြင် ကုန်စုံဆိုင်များထံ အဟောင်းပေး အသစ်ယူစနစ်ဖြင့် ပို့ဆောင်နေသည်အထိ ဈေးကွက်ချဲ့ထွင်လာကြသည်။

လက်ရှိတွင် ကိုဗစ်ကပ်ဘေးကြောင့် လူအများစု စီးပွားရေးကျပ်တည်းနေချိန်တွင် ယင်းကဲ့သို့လောင်းကစားဆန်သည့် ကံစမ်းနည်းမျိုးကို လုံးဝခွင့်မပြုသင့်ကြောင်း ဝေဖန်ပြောဆိုသူများ လည်းရှိသည်။

ရောဂါကပ်ဘေးနှင့် ပတ်သက်သည့် ကန့်သတ်ချက်များကြောင့် လူအများစု စိတ်ကျဉ်းကျပ်နေချိန်ကို အခွင့်ကောင်းယူကာ ထိုလောင်းကစားနည်းများ နေရာယူလာသည့်အပေါ် တားမြစ်သင့်ကြောင်း ထားဝယ်မြို့နေ အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

“တဖြည်းဖြည်းနဲ့ လောင်းကစား လုပ်တဲ့ပုံစံတောင် ဖြစ်လာကြတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထိုကဲ့သို့ ကံစမ်းမဲ ခေါင်းစဉ်တပ်ထားသည့် အဆိုပါကစားနည်းမှာ လောင်းကစားဥပဒေနှင့် ငြိစွန်းကြောင်း ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးက ဆိုသည်။

ယင်းကံစမ်းမဲပင်ရင်းထုတ်လုပ် နေသူအား စုံစမ်းပြီး ခံဝန်ထိုးစေပြီး ဆက်လက်လုပ်ကိုင်နေပါက လောင်းကစား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သိန်းက ပြောသည်။

“ဒုတိယအကြိမ် ပြောလို့မှမရဘူး ဆိုလို့ရှိရင် တည်ဆဲဥပဒေနဲ့ အရေးယူရမှာပေါ့” ဟု ရဲမှူးကျော်သိန်းက ဆိုသည်။