ရော်ဘာအရေး အသိဉာဏ်မြင့်မှ ရေရှည်စီးပွားဖြစ်မည်

0
441

ထားဝယ်ကို ညွှန်မှူးအဖြစ်နဲ့ ပြန်ရောက်လာတဲ့ ကျွန်တော့်ဆရာတစ်ယောက်ကို ပြီးခဲ့တဲ့အပတ် စနေနေ့က သွားတွေ့ဖြစ်ခဲ့တယ်။ သူထားဝယ် ပြန်ရောက်နေတာက ကိုဗစ်ပထမလှိုင်း စဖြစ်ကတည်းကနဲ့တူပါတယ်။ ကျွန်တော့်အနေနဲ့ ဆရာ့ကို သူ့ရုံးမှာ တစ်ခေါက်လောက် သွားတွေ့ပြီး ကတည်းက ထပ်မသွားဖြစ်တော့ဘူး။ ပြီးခဲ့တဲ့ စနေနေ့ ကတော့ လက်ဖက်ရည်ဆိုင်ထိုင်ဖို့သွား ကြတာ ပကာရီရွာက ကျားခုန်အိုင်အထိ ရောက်သွားခဲ့တော့တယ်။

ဝန်ကြီးအိမ်ရာရှေ့က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ကြတယ်။ ပြီးတော့ ဆရာ့ရဲ့တပည့် ကျွန်တော့်ညီ ရှိရာ သဗျာရွာနားက ခရမ့်ရော်ဘာစက်ရုံကို သွားကြတယ်။ အဲဒီနောက်မှာတော့ ကျွန်တော့်သူငယ်ချင်းရှိရာ ထားဝယ် ရွှေပြည် ရော်ဘာစက်ရုံကို ဆက်သွားဖြစ်တယ်။ အဲဒီကတစ်ဆင့် ပကာရီရွာက ကျားခုန်အိုင်ဆီ ရောက်သွားတော့တယ်။

ခရမ့်ရော်ဘာစက်ရုံဆိုတာက ကော်ချီး (ရော်ဘာတုံး) တွေကို ပြန်လည် သန့်စင်ပြီး ရော်ဘာကျိတ်တုံးပြန်လုပ်တဲ့ စက်ရုံပါ။ ထားဝယ်ရွှေပြည်ကတော့ ရော်ဘာစေးရည်ကို ရော်ဘာပြား ပြန်ထုတ်တဲ့ စက်ရုံပါ။ စက်ရုံနှစ်ရုံက တစ်ဖာလုံကျော်ကျော်လောက်ပဲ ကွာပါတယ်။ ရော်ဘာထုတ်ကုန် (ကုန်ကြမ်း)အကြောင်းလေ့လာမယ် ဆိုရင်တော့ အဲဒီစက်ရုံနှစ်ရုံကို သွားလေ့လာရင် အတော်အသင့်ပြည့်စုံပြီလို့ ဆိုနိုင်ပါတယ်။

အဲဒီခရီးက ပြန်လာကတည်းက ရော်ဘာနဲ့ပတ်သက်တဲ့ ဆောင်းပါး တစ်ပုဒ်ရေးဖို့ စိတ်ရောက်နေခဲ့တယ်။ ဒါကြောင့် ရော်ဘာနဲ့ပတ်သက်တာတွေကို အားတဲ့အချိန်လေးတွေမှာ ရှာဖတ်နေခဲ့တယ်။ ရော်ဘာဟာ ကျွန်တော်နဲ့ မစိမ်းပါဘူး။ ကျွန်တော် အသက် ၁၄နှစ်သားလောက်ကတည်းက ရော်ဘာအစေးလှီးတဲ့အလုပ်ကို လုပ်လာ ခဲ့ဖူးတယ်။ ရော်ဘာကို အပင်ပျိုးထောင် တာကနေပြီး ရော်ဘာပြားထွက်တဲ့အထိ process တစ်ခုလုံးကို ကျွန်တော်သိတယ်။ ဒါပေမယ့် ရော်ဘာအဖူးကူး(Budding) လုပ်တာတစ်ခုတော့ ကျွန်တော်ကိုယ် တိုင်မလုပ်ဖူး။ ဆိုတော့ ရော်ဘာနဲ့ ပတ်သက်ပြီး ကျွန်တော်စိတ်ဝင်စားခဲ့တယ်။ ဒါပေမယ့် ရော်ဘာနဲ့ပတ်သက်ပြီး ကျွန်တော်မသိတာလည်း အတော်များ သေးတယ်ဆိုတာကို အခု စာတွေ လိုက်ဖတ်မှ သိလာခဲ့ရတယ်။

ဒီတစ်ပတ်ထုတ် တနင်္သာရီ အပတ်စဉ် အတွဲ- ၈၊ အမှတ်- ၂၁၊ စာမျက်နှာ ၇ မှာပါတဲ့ “ငွေပေါ်မြန်၍ ရော်ဘာတုံးလုပ်သည့် တောင်သူများလာ” ဆိုတဲ့ သတင်းခေါင်းစဉ်ကြောင့် ကျွန်တော်အတော်လေးရှော့ခ်ရခဲ့တယ်။ နောက်ပြီးတော့ အဲဒီသတင်းထဲမှာ အမှားလေးတစ်ခုလည်းသွားတွေ့လို့ ဒီဆောင်းပါးကိုရေးဖို့ ဖြစ်လာပြန်တယ်။

ပထမဆုံးအနေနဲ့ DRC (ရေ သန့် စင်စက်) ဆိုတာနဲ့ပတ်သက်ပြီး အရင် ပြောပါရစေ။ တကယ်တော့ DRC ဆိုတာ ရေ သန့်စင်စက်မဟုတ်ပါဘူး။ DRC ဆိုတာက Dry Rubber Content ရဲ့ အတိုကောက်ပါ။ ရော်ဘာစေးရည်ထဲမှာ ပါဝင်တဲ့ ရော်ဘာအစေးသားပါဝင်နှုန်း ကို ဆိုလိုတာပါ။ ရော်ဘာပင်ကထွက်တဲ့ ရော်ဘာစေး(latex) ထဲမှာ ရေနဲ့ရော်ဘာ စေး နှစ်မျိုးပေါင်းစပ်ပါဝင်နေတာပါ။ Latexometer လို့ခေါ်တဲ့ သာမိုမီတာ တစ်မျိုးနဲ့ DRC တိုင်းရပါတယ်။ ဒါကို DRC တိုင်းတယ်လို့ အလွယ်ခေါ်ကြပါတယ်။ ရော်ဘာစေးရည်တစ်ဂါလံမှာ ရော်ဘာဘယ်နှပေါင်ထွက်နိုင်တယ် ဆိုတာကို တိတိကျကျတိုင်းပေးနိုင်ပါတယ်။ ရော်ဘာစေးရည် အကျဲအပြစ် ပေါ်မူတည်ပြီး ရော်ဘာထွက်နှုန်းကွာပါတယ်။ ရေပါဝင်နှုန်းများရင် ရော်ဘာ စေးရည်ကျဲပါတယ်။ ဒါဆိုရင်တော့ DRC တိုင်းတဲ့အချိန်မှာ ကိန်းဂဏန်း နည်းနိုင်ပါတယ်။ DRC တိုင်းပြီးရင် တွက်ချက်တဲ့နည်းရှိပါတယ်။ မှားခဲပါတယ်။

ထားဝယ်ရွှေပြည်စက်ရုံကတော့ ရော်ဘာစေးရည်ကို DRC တိုင်းပြီး ဝယ်ယူထုတ်လုပ်တဲ့စက်ရုံပါ။ ထားဝယ် ရွှေပြည်လိုပဲ မလိဝမ်းရွှေဖြူဆိုတဲ့ စက်ရုံ တစ်ရုံလည်း ကော့သောင်းမှာ ရှိပါသေးတယ်။ တစ်နေ့ကို ရော်ဘာပြား ၁၅ တန် ကနေပြီး တန်၂၀ လောက်အထိ ထုတ်လုပ်နိုင်တဲ့ စက်ရုံကြီးတွေပါ။ ထားဝယ် ရွှေပြည်ကတော့ တစ်နေ့ကို ၁၅ တန် နဲ့အထက် နေ့စဉ်ထုတ်လုပ်နေပါတယ်။ အလားတူစက်ရုံမျိုး အသေးလေးတွေကတော့ နောက်ထပ် ၂ ရုံလောက် ထားဝယ်မှာ ရှိပါသေးတယ်။

ကျွန်တော့်ညီရဲ့ ခရမ့်ရော်ဘာ စက်ရုံကို ပထမဦးဆုံးအကြိမ်အနေနဲ့ ရောက်ဖူးတာ ဖြစ်ပါတယ်။ လုပ်ငန်း လည်ပတ်တာလည်း သိပ်မကြာသေးလို့ပါ။ ထားဝယ်ရွှေပြည်စက်ရုံကိုတော့ ကျောင်းသားတွေကို လေ့လာရေး ခရီးအဖြစ် ပို့ဖြစ်သလို ကျွန်တော်ကိုယ် တိုင်လည်း လမ်းကြုံရင် အမြဲဝင်ဖြစ်ပါတယ်။ ဒီတစ်ခေါက်ရောက်ချိန်မှာတော့ အရင်ခေါက်နဲ့မတူ အလုပ်သမားအရေအတွက် အတော်လေးများနေတာကို တွေ့ရတယ်။ စက်ရုံမှူးတာဝန်ယူထားတဲ့ ကျွန်တော့သူငယ်ချင်းကို အကျိုး အကြောင်းမေးကြည့်ဖြစ်တယ်။ ဒီနှစ်မှာ ရော်ဘာစေးရည် ရောင်းချတဲ့သူ ပိုများ လာသလို၊ ဈေးလည်း ပိုပေးလာနိုင်တယ် လို့ပြောပါတယ်။ နောက်ပြီးတော့ အလုပ်သမားတွေကိုလည်း ပိုခန့်လာနိုင် တယ်လို့ ပြောပါတယ်။

အလုပ်သမားအများစုက လူငယ် လေးတွေဖြစ်နေတာကို တွေ့ရတယ်။ အမျိုးသမီးငယ်လေးတွေက ပိုများတာ တွေ့ရတယ်။ နည်းနည်းထပ်ပြီးစပ်စု ကြည့်တော့ တက္ကသိုလ်တက်နေကြတဲ့ ကျောင်းသားလေးတွေ များတယ်လို့ ဆိုပါတယ်။ ရွာနီးချုပ်စပ်က ဒေသခံ လူငယ်တွေပေါ့။ ကိုဗစ်ကြောင့် ကျောင်းပိတ်ထားတော့ အလုပ်ဝင်လုပ်နေကြ တာ။ ဖုန်းဘေလ်ဖိုးနဲ့ တစ်ခြားအသုံး စရိတ်တွေ မိဘဆီက လက်ဖြန့်တောင်း နေစရာ မလိုတော့ဘူးပေါ့။ လစာကတော့ အနည်းဆုံးကျပ်နှစ်သိန်းဝန်းကျင်နဲ့ သုံးသိန်းဝန်းကျင်လောက်ထိ ရကြတယ်လို့ ဆိုပါတယ်။ လုပ်သက်ရင့်တဲ့သူဆို ကျပ်ငါးသိန်းနီးပါးထိ ရတဲ့သူတွေရှိတယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ အားသာ ချက်တစ်ခုကိုလည်း သူကထုတ်ပြောပါ သေးတယ်။ ပညာတတ်လူငယ်လေးတွေ ဖြစ်တာကြောင့် သင်ပြရလွယ်ကူပြီး ကိုယ်ပိုင်ထိုးထွင်းဉာဏ် လည်းရှိကြလို့ ထုတ်လုပ်မှုစွမ်းရည်လည်း မြင့်တက်လာတဲ့အကြောင်း ပြောပါတယ်။ အရင်ကတော့ တနင်္သာရီတိုင်းတွင်းက မဟုတ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ သုံးရပြီး ထုတ်လုပ်မှုစွမ်းရည် သိပ်မကောင်းကြောင်းပြောပါတယ်။ ကိုဗစ် ကာလ အဆိုးထဲက အကောင်းလို့ပဲ ပြောရမယ်ထင်ပါတယ်။

ရော်ဘာတစ်ပေါင်ဈေးနှုန်းကို အရင်ထက်တိုးပေးလာနိုင်တာက နိုင်ငံခြား ကုမ္ပဏီတစ်ခုဖြစ်တဲ့ Bridgestone tires ထုတ်တဲ့ ကုမ္ပဏီနဲ့ တိုက်ရိုက်ချိတ်ဆက် ရောင်းချနိုင်လာလို့ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ ဒါပေမယ့် ရော်ဘာပြား တိုင်းကိုတော့ သူတို့ကို ရောင်းချလို့ မရပါဘူး။ ရော်ဘာပြားတွေကို Grade ခွဲပြီး ရောင်းချရပါတယ်။ ရော်ဘာကို Grade ခွဲတဲ့အခါမှာ Rss1, Rss2, Rss3, Rss4, Rss5 ဆိုပြီး ခွဲပါတယ်။ Rss ကတော့ အရည်အသွေးအကောင်းဆုံးမို့ ရောင်းချရာမှလည်း မျက်နှာပန်းလှသလို ဈေးလည်းရပါတယ်။ ထားဝယ်ရွှေပြည် တို့လို စက်ရုံကြီးတွေက Rss1 အဆင့် ရော်ဘာပြားတွေကို အများဆုံးထုတ်လုပ်ပါတယ်။ တောင်သူအများစုထုတ်ကြတာ က Rss3, Rss4 တွေများပါတယ်။ အမြင့်ဆုံးအနေနဲ့ Rss2 လောက်ပဲ ထုတ်နိုင်ကြပါတယ်။

တန်ဖိုးမြှင့်ထုတ်ကုန် (Value Added Product) တွေ ထုတ်လုပ်နိုင်မှ တောင်သူတွေအတွက် ဝင်ငွေပိုရမှာပါ။ အခုတော့ ငွေရမြန်အောင်ဆိုပြီး ရော်ဘာ တုံးတွေထုတ်နေကြတာကိုတော့ အတော် စိတ်မကောင်းဖြစ်ရပါတယ်။ ထားဝယ် ရွှေပြည်လို စက်ရုံတွေကို ရော်ဘာစေးရည် ရောင်းရင်လည်း ငွေရမြန်တာပဲ မဟုတ်လား။ သူတို့ကိုရောင်းလိုက်ရင် အရည်အသွေးမြင့်တဲ့ ထုတ်ကုန်ဖြစ် လာပြီး ဈေးပိုရမယ်မဟုတ်လား။ ဆိုရရင် နိုင်ငံအတွက်လည်း ပြည်ပဝင်ငွေတိုးပြီး ရနိုင်တယ်။ ရော်ဘာစေးရည်ဘက် ပြန် သွားရရင် အားနည်းချက်တွေလည်း ရှိနေပါသေးတယ်။ ထားဝယ်ရွှေပြည် စက်ရုံအနေနဲ့ ထားဝယ်ခရိုင်အတွင်း နေရာအနှံ့ရော်ဘာစေးရည် လိုက်ဝယ်နိုင်တဲ့ ဝန်ဆောင်မှု မပေးနိုင်သေးပါဘူး။ ရော်ဘာစေးရည် အဝယ်ဒိုင်လိုက်ဖွင့်ဖို့အတွက် ငွေအင်အား၊ လူအင်အားသုံးရပါ တယ်။ ဒီလောက်ထိ သူတို့အနေနဲ့ လိုက်မလုပ်နိုင်သေး။

ဆိုတော့ ထားဝယ်ရွှေပြည်လို အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်နေတဲ့ စက်ရုံတွေကို နိုင်ငံတော်အစိုးရက ပံ့ပိုး ပေးရပါမယ်။ နည်းပညာ၊ ငွေကြေး စတဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုပါမယ်။ နောက်ပြီးတော့ တိုင်းတွင်းမှာ သူတို့လို စက်ရုံတွေ ထပ်ပြီးတော့ တည်ဆောက်နိုင်ဖို့အတွက် ကူညီပံ့ပိုးပေး ရပါမယ်။ ဒါမှလည်း ဒေသတွင်းက တောင်သူတွေအတွက် ဝင်ငွေပိုရပြီး တိုင်းဒေသကြီးနဲ့ နိုင်ငံရဲ့ GDP လည်း တိုးတက်လာမှာပါ။

ထားဝယ်ရွှေပြည်ကတော့ နည်းပညာပိုင်းရော၊ ငွေကြေးပိုင်းပါ ကိုယ်ထူ ကိုယ်ထလုပ်လာကြတာဖြစ်လို့ ချီးကျူး ရမှာပါ။

ရော်ဘာ လို့ပြောလိုက်ရင် အဓိက အားဖြင့် Natural rubber နဲ့ Synthetic rubber ဆိုပြီး နှစ်မျိုးခွဲပါတယ်။ Natural rubber ဆိုတာကတော့ ရော်ဘာ ပင်ကနေထုတ်တဲ့ သဘာဝရော်ဘာပါ။ Synthetic rubber ကိုတော့ ရော်ဘာ အတုလို့ အလွယ်ပြောနိုင်ပါတယ်။ သဘာဝရော်ဘာကို ဓာတုပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီးထုတ်ထားတဲ့ ရော်ဘာ အမျိုးအစားတွေပါ။ အသုံးများတဲ့ ရော်ဘာအမျိုးအစား ၁၀မျိုးရှိပါတယ်။ (1) natural rubber(NR) (2) Styrene-butadiene rubber(SBR) (3) Butyl(IIR) (4) Nitile(NBR) (5) Neoprene®(CR) (6) Ethylene propylene diene monmer(EPDM) (7) Silicone(Q) (8) Viton®(FKM) (9) Polyurethane(AU) (10) Hydrogenated Nitile(HNBR) တို့ပဲဖြစ်ပါတယ်။ အဲဒီ ၁၀မျိုးစလုံးကို ကျွန်တော်တို့ လက်ရှိအသုံးပြုနေကြပါတယ်။ တစ်ခုချင်းစီရဲ့ ဂုဏ်သတ္တိတွေနဲ့ ထုတ်လုပ်တဲ့ပစ္စည်းတွေကိုတော့ ကိုယ်တိုင်လေ့လာကြဖို့ တောင်းဆိုချင်ပါတယ်။ ဆောင်းပါးက ရှည်လွန်းပြီး လိုရင်းမရောက်ဖြစ်သွားမှာ စိုးလို့ပါ။

Natural rubber လို့ခေါ်တဲ့ သဘာဝရော်ဘာဟာ လူသားတွေအတွက် မရှိမဖြစ်ပါ။ သဘာဝရော်ဘာ ကုန်ကြမ်းကို အသုံးပြုပြီးထုတ်လုပ်ထားတဲ့ ပစ္စည်းအမျိုးအမည်ပေါင်း လေးသောင်းကျော်ရှိပါတယ်။ ထုတ်လုပ်သမျှ ရော်ဘာအားလုံးရဲ့ တစ်ဝက်ကျော်ကိုတော့ ယာဉ်အမျိုးမျိုးမှာ အသုံးပြုတဲ့ တာယာတွေထုတ်လုပ်ရာမှာ အသုံးပြု တယ်လို့ ဆိုပါတယ်။

ရော်ဘာစေ့ကို ခေါင်းလျှော်ရည်၊ ဆပ်ပြာ စတဲ့လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ သုံးတယ်လို့ သိရပါတယ်။ ရော်ဘာပင်ကိုတော့ အစေးမလှီး နိုင်တော့တဲ့အချိန်မှာ အပင်ခုတ်ပြီးတော့ ပေါင်းခံရော်ဘာသားတွေ ထုတ်လုပ်နိုင်ပါတယ်။ စိုက်စရိတ်အတွက် ဝင်ငွေ ပြန်ရနိုင်ပါတယ်။

ရော်ဘာပင်ရဲ့မူလဇာတိက ဘရာဇီးလ် ဖြစ်လို့ မိုးသစ်တောအမျိုးအစားဝင်ဖြစ်ပါတယ်။ ရော်ဘာပင်စိုက်ရင် သစ်တောတွေကို ခုတ်ထွင်မီးရှို့ပြီးစိုက်ပျိုးရလို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ လူတွေနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ အတွက် လိုအပ်တဲ့ ရေမြေသဘာဝတွေ ဆုံးရှုံးရပါတယ်။ ရေထိန်းတောတွေ၊ ကာဗွန်စုပ်တောတွေ ပျက်စီးပါတယ်။ တချို့နိုင်ငံတွေမှာတော့ Zero Burning စနစ်သုံးပြီးတော့ စိုက်ပျိုးနေကြပါပြီ။ ရော်ဘာပင်စိုက်ရင် Mono Forest ပုံစံ ဖြစ်သွားလို့ ဂေဟစနစ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဆိုတော့ ရော်ဘာထုတ်လုပ်စိုက်ပျိုးတဲ့အခါမှာ Sustainable (ဝန်းကျင် မထိခိုက်ဘဲ ရေရှည်တည်တံ့ဖို့) ဖြစ်ဖို့ အတွက် ကြိုးဝိုင်းသစ်တောတွေနဲ့ လွတ်ဖို့ လိုပါတယ်။ ရော်ဘာစိုက်မယ်ဆို ကြိုးပြင်တော ဖြစ်ရပါမယ်။ နိုင်ငံတကာ ကုမ္ပဏီတွေက ရော်ဘာဝယ်ယူဖို့စဉ်းစား တဲ့အခါမှာ အရည်အသွေး (Quality) တစ်မျိုးတည်းကို မကြည့်တော့ပါဘူး။ Sustainable ဖြစ်ဖို့အတွက် EIA, SIA (သဘာဝ၀န်းကျင်နဲ့ လူမှုရေး ထိခိုက်နိုင် ခြေ ဆန်းစစ်ချက်) တွေကို ကြည့်ပါတယ်။ နောက်ပိုင်းဆို HIA (ကျန်းမာရေး ထိခိုက်နိုင်ခြေ ဆန်းစစ်ချက်) ပါ ကြည့်လာမယ်ထင်ပါတယ်။ အဲဒါတွေ အားလုံးလွတ်မှ နိုင်ငံခြားကုမ္ပဏီတွေကို တင်ပို့ ရောင်းချနိုင်မှာပါ။

အခုကတော့ Sustainable အဆင့်ကို မဆိုထားနဲ့ အရည်အသွေးပိုင်း ထိန်းဖို့တောင် အတော်လေးပညာပေး ရမှာပါ။ ကျွန်တော်တို့နိုင်ငံဟာ အရာရာ တိုင်းမှာ နောက်ကျကျန်ခဲ့တာပါ။ အဆိုးဆုံးကတော့ အသိပညာပိုင်းမှာ နောက်ကျ ကျန်ခဲ့တာပါ။ ဒါကိုသိဖို့အတွက် အစိုးရ နေနဲ့၊ သက်ဆိုင်ရာဝန်ထမ်းတွေအနေနဲ့ တောင်သူတွေကို၊ ပြည်သူတွေကို အသိပညာ ပေးရပါမယ်။ ဒါတွေကို သိထားမှ ရေရှည်စီးပွားရေးအဖြစ် လုပ်ကိုင်သွားနိုင်မှာပါ။ ဒါ့အပြင် မိမိတို့ရဲ့ ကုန်ပစ္စည်းတန်ဖိုးလည်းတက်လာမှာပါ။

၂၀၁၉ ခုနှစ် စာရင်းတွေအရ ကမ္ဘာမှာ ရော်ဘာအများဆုံးထုတ်လုပ်တာက ထိုင်းနိုင်ငံပါ။ ထိုင်းနိုင်ငံအနေနဲ့ မက်ထရစ်တန်ပေါင်း ၄.၈၅ သန်းထုတ် လုပ်ရောင်းချနိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှား ကတော့ မက်ထရစ်တန်ပေါင်း ၃.၃ သန်း နဲ့ ဒုတိယအများဆုံး ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာကိုအများဆုံးတင်ပို့ ရောင်းချတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံပါ။ ၂၀၁၉ ခုနှစ်မှာ တရုတ်နိုင်ငံအနေနဲ့ ရော်ဘာတင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံလောက် ဝင်ငွေရရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံကတော့ ၂၀၁၆ ခုနှစ်မှာ သဘာဝရော်ဘာ ၁.၃ ဘီလီယံ ဖိုးလောက်ကို ဝယ်ယူခဲ့ပါတယ်။ အမေရိ ကန်ကို အများဆုံးတင်ပို့ ရောင်းချတဲ့သူကတော့ တရုတ်ပါ။

ဆိုတော့ အများဆုံးထုတ်လုပ်ပါ တယ်ဆိုတဲ့ ထိုင်းနိုင်ငံနဲ့၊ အများဆုံး တင်ပို့ပါတယ်ဆိုတဲ့ တရုတ်နိုင်ငံတို့ဟာ မြန်မာနိုင်ငံက အဓိကအားထားနေရတဲ့ ဈေးကွက်တွေပါ။ မြန်မာ့ရော်ဘာကို အဓိကရောင်းချနေရတဲ့ နိုင်ငံတွေပါ။ အဲဒီနိုင်ငံတွေက ပေးတဲ့ဈေးပဲရပါတယ်။ တရားဝင်ရောင်းချကြတာရှိသလို၊ တရားမဝင်ရောင်းချရတာလည်း ရှိပါတယ်။ ထိုင်းနိုင်ငံက ရော်ဘာဈေးနဲ့ ပြည်တွင်းရော်ဘာဈေး ဘယ်လောက် ကွာတယ်ဆိုတာကို ရော်ဘာလုပ်ငန်းရှင် အများစု သိကြပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ရော်ဘာ ထုတ်ကုန်အရည်အသွေးကို မြှင့်တင် ဖို့လိုသလို၊ ဈေးကွက်အသစ်ရှာဖို့လည်း လိုနေတယ်ဆိုတာကို မြင်ကြပါမယ်။ ဘာပြောပြော အစိုးရမှာ တာဝန်ရှိတယ် လို့ ပြောရမှာပါပဲ။ နောက်ပြီးတဲ့ ထုတ်လုပ်တဲ့ တောင်သူတွေလည်း မျက်စိ ပွင့်ကြဖို့သင့်ပါပြီ။

ကျွန်တော့်အမြင်အရေတော့ ရော်ဘာတုံး (ကော်ချီး) ကို မဖြစ်နိုင်တဲ့ အဆုံးမှ လုပ်စေချင်ပါတယ်။ ဈေးရ လည်းနည်းသလို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှုလည်း ပိုများပါတယ်။ ကော်ချီးတင်တဲ့ကား ဖြတ်သွားရာလမ်း တစ်လျှောက်မှာ အနံ့သက်ဆိုးတွေ ကျန်ခဲ့ပါတယ်။ နောက်ပြီးတော့ ခရမ့်စက်ရုံဟာ အနံ့အသက်ဆိုးအတော် ထွက်ပါတယ်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၀ရက်က Dawei Watch သတင်းမှာ တင်ထားတဲ့ သတင်းတစ်ပုဒ်ရှိပါတယ်။ မြိတ်မြို့ ရှမ်းချောင်းရပ်မှာရှိတဲ့ ခရမ့်ရော်ဘာ စက်ရုံကို မြို့နဲ့မိုင် ၂၀ ဝေးတဲ့နေရာကို ရွှေ့ဖို့ပြောထားတာပါ။ အဲဒီတုန်းက လက်ရှိဝန်ကြီးချုပ် ဦးမြင့်မောင်က တိုင်းဒေသကြီး သယံဇာတနဲ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးပါ။ အခုလောက် ဆိုရင်တော့ အဲဒီစက်ရုံလည်း မြို့ပြင်ကို ပြောင်းပြီးနေပြီလို့ ယူဆရပါတယ်။

ကျွန်တော့ညီလေး တာဝန်ခံကြီး ကြပ်လည်ပတ်နေတဲ့ ခရမ့်ရော်ဘာစက်ရုံ ဆိုရင်လည်း အရင်က ထားဝယ်မြို့ပေါ် က ရပ်ကွက်တစ်ခုမှာရှိပါတယ်။ ရပ်ကွက် က ဝိုင်းကန့်ကွက်ကြလို့ လက်ရှိနေရာကို ပြောင်းသွားရတာပါ။ မြို့နဲ့ ၉ မိုင်လောက် ဝေးမယ်ထင်ပါတယ်။

ခရမ့်ရော်ဘာစက်ရုံမှာ အလုပ်လုပ်နေကြရတဲ့ သူတွေကိုကြည့်ရတာလည်း စိတ်မသက်သာပါဘူး။ အနံ့အသက်ဆိုး တွေနဲ့ နေ့စဉ်ပွေ့ဖက် အလုပ်လုပ်နေကြ ရတာ။ ခရမ့်စက်ရုံတွေဟာ အမှိုက်ကနေ ရွှေဖြစ်အောင် လုပ်ပေးနေတာမှန်ပေမယ့် ပေးဆပ်ရမှုက များပါတယ်။ ဆိုတော့ တောင်သူတွေအနေနဲ့ အသေအချာ စဉ်းစားတွက်ချက်ပြီးမှ အလုပ်လုပ်စေ ချင်ပါတယ်။ အလွယ်လမ်းကို မလိုက်စေချင်ပါဘူး။ ကိုယ့်အတွက်ရော၊ နိုင်ငံအတွက်ပါ နစ်နာပါတယ်။ ထားဝယ် ရွှေပြည်စက်ရုံမျိုးတွေက အနံ့အသက် ဆိုးမထွက်ဘူးလားဆိုရင် ခရမ့်ရော်ဘာ စက်ရုံတွေလောက် မဆိုးဘူးလို့ပဲ ဆိုချင်ပါတယ်။ နောက်ဆုံးအနေနဲ့ပြောချင်တာက စက်ရုံနှစ်ခုမှာ တစ်ခုကို အမွှမ်းတင်ပြီး၊ တစ်ခုကို ဆွဲချသလို ဖြစ်သွားတာကိုတော့ တောင်းပန်အပ်ပါတယ်။ အားလုံးရဲ့ အကျိုးကို မျှော်တွေးပြီး ရေးရတာမို့ နားလည်ခွင့်လွှတ်ပေးနိုင်မယ်ထင်ပါတယ်။

တနင်္သာရီတိုင်းရဲ့ ထုတ်လုပ်မှု အများဆုံးလို့ဆိုနိုင်တဲ့ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရအနေနဲ့ တတ်နိုင်သလောက် ကူညီပေးဖို့ တိုက်တွန်း လိုက်ပါရစေ။ ရော်ဘာစိုက်တောင်သူများလည်း အသိအမြင်တိုးတက်အောင် အားထုတ်ကြပြီး မိမိတို့ရဲ့ထုတ်ကုန်တွေကိုလည်း အရည်အသွေးမြင့်အောင် အားထုတ် နိုင်ကြပါစေ။

သန်းဇော်ဦး(ရလိုင်)