အာကစားသိပ္ပံကျောင်း ခွင့်ပြုချက်မရသေး

0
178
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့မှ မိုင်လေးဆယ်ကျော်ဝေးသည့် ကလိန်အောင်မြို့အနီး ကျောက်ရှပ်ကျေးရွာတွင်ဆောက်မည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအတွက် မြေနေရာနှင့် အဆောက်အအုံ ဆောက်လုပ်ရန် ခွင့်ပြုချက်မရသေးကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ယင်းမြေနေရာသည် တပ်စွန့်လွှတ် မြေဧက ၂၈၆ ဧကအနက် အားကစား သိပ္ပံကျောင်းဆောက်ရန်အတွက် ဧက ၅၀ ရရှိခဲ့ကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ယင်းတပ်စွန့်မြေသည် ဥယျာဉ်ခြံ မြေအမျိုးအစားဖြစ်သဖြင့် အား/ကာသိပ္ပံ ကျောင်းဆောက်ရန် အားကစားဌာနပိုင် မြေယာအခြားနည်းအသုံးပြုခွင့် ဦးစွာလျှောက်ပြီး ခွင့်ပြုချက်ရမှ အဆောက်အအုံဆောက်ခွင့်ရရန် ပြန်လည်လုပ်ဆောင်ရမည် ဖြစ်သည်။

“မြေနေရာလည်းမရသေးဘူး။ အား/ကာသိပ္ပံ အဆောက်အအုံလည်း ဆောက်လုပ်ခွင့်လည်းမရသေးဘူး။ ခွင့်ပြုချက်ရမှဆောက်ရမှာဆိုတော့ ရုံးချုပ်ကိုတော့ တင်ပြထားတယ်” ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

အား/ကာသိပ္ပံကျောင်းဆောက်ရန်အတွက် ၂၀၁၉ ခုနှစ်တွင် တိုင်းအစိုးရက ယင်းတပ်စွန့်မြေတွင် ခွင့်ပြုပေးခဲ့သဖြင့် တိုင်းအားကစားဌာနက ကနဦးမြေနေရာ တိုင်းတာသတ်မှတ်ပြီး ဆိုင်းဘုတ်ထောင် ထားခဲ့သည်။

အားကစားဌာနအား ယင်းတပ်စွန့် မြေသုံးရာနီးပါးတွင် အား/ကာသိပ္ပံ ကျောင်းဆောက်ရန် ခွင့်ပြုချက်ပေးခဲ့သလို လျှပ်စစ်ဌာနကိုလည်း လျှပ်စစ်ဓာတ်အားခွဲရုံတစ်ခုဆောက်ရန် တိုင်း အစိုးရက ခွင့်ပြုချက်ပေးထားကြောင်း ကျောက်ရှပ်ကျေးရွာအုပ်ချုပ်ရေးမှူးထံ မှ သိရသည်။

အားကစားဌာန၏အဆိုရ တပ်စွန့် လွှတ်မြေအတွင်းဟုသာသိရပြီး နေရာ တိတိကျကျ သတ်မှတ်ပေးခြင်းမျိုး မရှိသေးပေ။

“အခုအဲဒီနေရာ (အား/ကာသိပ္ပံ ကျောင်းနေရာ) မှာ ဓာတ်အားခွဲရုံဆောက် ဖို့ကိုနေရာသတ်မှတ်လိုက်ပြီ။ ခွဲရုံဆောက် ဖို့ကို တိုင်းအစိုးရအဖွဲ့ကလည်း သတ်မှတ် ပေးလိုက်ပြီ” ဟု ကျောက်ရှပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စိုးက ဆိုသည်။

ယခင်အား/ကာ သိပ္ပံကျောင်းဆိုင်း ဘုတ်မှာလည်း မြေယာအငြင်းပွားမှုမ ဖြစ်လာစေရန်အတွက် ပြန်ဖြုတ်ထား လိုက်ပြီဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

မြေပြင်တွင် အဆိုပါတပ်စွန့်မြေမှာ ချုံထူနေပြီး တပ်မတော်မှ အငြိမ်းစား ဝန်ထမ်းလေးဦးခန့်က ရာသီပေါ်သီးနှံ လုပ်ကိုင်စားသောက်နေသည်။

ကျော်သူစိုး၊ ရန်နိုင်ထွန်း