မွန်လွှတ်တော်သစ်ကို ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စမည်

0
160
Dawei Watch, Dawei News, Dawei News Media

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်မည့် မွန်ပြည်လွှတ်တော်သစ် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်ကျင်းပသွား ရန်ရှိသည်ဟု လက်ရှိ မွန်ပြည်နယ်လွှတ် တော် ဥက္ကဋ္ဌက ပြောသည်။

လွှတ်တော်သစ်ကို တရားဝင်အားဖြင့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးဟု ခေါ်ဝေါ်သည်။ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင် ကျင်းပသွားမည်ဟု ထုတ်ပြန်ကြေညာ ထားသည်။

မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်အရ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးစခေါ်သည် နေ့မှ ၁၅ ရက်အတွင်း ကျင်းပနိုင်သည်ဆိုပြီး ပြဋ္ဌာန်းထားသည်။

“ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ၁ ရက်နေ့ဆိုတော့ အန်တီတို့ က ၈ ရက်နေ့လောက် ကျင်းပဖို့ ခန့်မှန်း ထားတယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမအစည်းအဝေးကို ဒုတိယအကြိမ်လွှတ်တော်ဥက္ကဋ္ဌက တာဝန်ယူ ခေါ်ယူကျင်းပပေးရမည်ဖြစ်ပြီး အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရွေးချယ်ခြင်း လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုခြင်းအစီအစဉ်များ ပြုလုပ်သွားမည်ဟု လွှတ်တော် ကိုယ်စားလှယ်တို့ထံမှ သိရသည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၁ ဦးတို့ဖြင့် ဖွဲ့စည်း သွားရမည်ဖြစ်သည်။

လာမည့် မွန်ပြည်နယ်လွှတ်တော် သက်တမ်းတွင် မွန်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၆ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၈ ဦးတို့က ပါဝင်မည်ဖြစ်သည်။