ထားဝယ်စီမံကိန်းမှ အီတာလျှံ-ထိုင်းကို ထုတ်ပယ်မှု ထီးခီးလမ်း အပေါ် မထိခိုက်နိုင်ဟုဆို

0
783
အီတာလျှံ-ထိုင်း

အီတာလျံ-ထိုင်းကုမ္ပဏီကို ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှထုတ်ပယ်လိုက်သော်လည်း ဖောက်လုပ်ရန် လျာထားသည့် ထိုင်းနယ်စပ် ထီးခီးသို့ နှစ်လမ်းသွား စီမံကိန်းကို ထိခိုက်မှု ရှိမည်မဟုတ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းနိုင်က ပြောကြားသည်။

အထူးစီးပွားရေးဇုန်နှင့် ထီးခီးနယ်စပ်သို့ ဖောက်လုပ်မည့် နှစ်လမ်းသွားကားလမ်းကို ထိုင်းအစိုးရ၏ ချေးငွေဖြင့် ဖောက်လုပ်ရန် လျာထားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် လမ်းစီမံကိန်း မဆက်စပ်သဖြင့် ထားဝယ်စီမံကိန်း ထိခိုက်မှုရှိမည်မဟုတ်ကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြုလုပ်သည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကော်မတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်က ပြောဆိုခဲခြင်းဖြစ်သည်။

အဆိုပါကားလမ်းအဆင့်မြင့်တင်မည့် စီမံကိန်းကို မြန်မာအစိုးရနှင့် ထိုင်းအစိုးရအကြား ဆွေးနွေးလုပ်ဆောင်နေခြင်း သည့်အတွက် မထိခိုက်နိုင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“နှစ်လမ်းသွားကားလမ်းက မြန်မာအစိုးရက ထိုင်းနိုင်ငံအစိုးရရဲ့ ချေးငွေကိုရယူပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ အီတာလျံ-ထိုင်းနဲ့ အခုကိစ္စ(လမ်း) နဲ့ ဆက်စပ်မှုမရှိပါဘူး ချေးငွေနဲ့။ ဒါက မြန်မာနဲ့ ထိုင်းအစိုးရချင်း ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းနိုင်က ဆိုသည်။

ထားဝယ်စီမံကိန်းမှ ထုတ်ပယ်ခံလိုက်ရပြီးနောက် အီတာလျံ-ထိုင်း ကုမ္ပဏီသည် ထိုင်းအစိုးရကို အကြောင်းကြား ကူညီတောင်းခဲ့ပြီး ထိုင်းအစိုးရဘက်မှ လည်း တတ်နိုင်သမျှ ကူညီရန် ပြင်ဆင်နေကြောင်း ထိုင်းဘက်မှ လာသော သတင်းများတွင် ဖော်ပြထားသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ထိုင်းအစိုးရအဖွဲ့ အစည်းအဝေး ယခု တစ်ပတ်အတွင်း ခေါ်ယူရန် ရှိပြီး လမ်းဖောက်မည့် ချေးငွေကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးဖွယ်ရှိသည်။

အီတာလျံ-ထိုင်း ကုမ္ပဏီသည် စီမံကိန်းလုပ်ငန်းများမလုပ်ဘဲ အကြိမ်ကြိမ်နှောင့်နှေးကြန့်ကြာနေခြင်း၊ စာချုပ်ပါ စည်းမျဉ်းအရ ဘဏ္ဍာရေးတာဝန် ဝတ္တရားများကို ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း၊ စီမံကိန်းလုပ်ဆောင်ရန် ဘဏ္ဍာရေးအထောက်အထား မတင်ပြနိုင်ခြင်းအစရှိသည့် အကြောင်းများကြောင့် စာချုပ်ရပ်ဆိုင်းလိုက်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။

ကုမ္ပဏီက စီးပွားရေးဇုန်နှင့်ပတ်သက်သည့် ကနဦးစီမံကိန်း ၉ ခုကို အကောင်အထည်ဖော်ရန် လက်မှတ်ရေးထိုးသည်။ ကနဦးစီမံကိန်းအဖြစ် ဆိပ်ကမ်းငယ်၊ သဘာဝဓာတ်ငွေ့ဆိပ်ကမ်း၊ ဓာတ်အားပေးစက်ရုံ၊ အထူးစီးပွားရေးဇုန်မှ ထီးခီးနယ်စပ် အထိ နှစ်လမ်းသွားကားလမ်း အစရှိသည့် လုပ်ငန်းများ ပါဝင်သည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က တွေ့မြင်ရသည့် ထားဝယ် အထူးစီးပွားရေး ဇုန် မြင်ကွင်းများ

စာချုပ်အရ အဆိုပါ နှစ်လမ်းသွားကားလမ်းအား ကတ္တရာလမ်းအဆင့်ထိ အီတာလျံ-ထိုင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ရမည့် အပြင် ယင်းအတွက် ငွေကြေးကိုလည်းရှာဖွေရမည်ဖြစ်ကြောင်း ဒေါက်တာထွန်းနိုင်ကဆိုသည်။

သို့ရာတွင် ကုမ္ပဏီဘက်မှ ငွေကြေးမရှာဖွေနိုင်သည့်အတွက် မြန်မာအစိုးရက ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖွံ့ဖြိုးရေး အေဂျင်စီ (NEDA) ထံမှ ချေးငွေယူရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းသို့ စာချုပ်ဖျက်သိမ်းလိုက်သည့်ကိစ္စနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည်ဟု အီတာလျံ-ထိုင်းကုမ္ပဏီဘက်မှ ပြောဆိုထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်ကမူ ဖြစ်ပေါ်လာသည့်အခြေအနေအပေါ်မူတည်ပြီး တုန့်ပြန်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ကနဦးစီမံကိန်းဖော်ဆောင်ရန်အတွက် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် ယင်းနေရာတွင် အစားထိုးလုပ်ဆောင်မည့် အခြားကုမ္ပဏီတစ်ခုခုနှင့် ဆွေးနွေးထားခြင်းမရှိသေးကြောင်း ဒေါက်တာထွန်းနိုင်က ဆိုသည်။

စီမံကိန်းလုပ်ရန်စာချုပ်သာ ချုပ်ဆိုထားပြီး မြေပြင်တွင် အကောင်အထည်ဖော်ခြင်းမရှိသည့် ကုမ္ပဏီတစ်ခုအပေါ် စာချုပ်ဖျက်သိမ်းရမည်သာဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ဆိပ်ကမ်းငယ်တည်ရှိရာ ငပိတက်ကြီးကျေးရွာနေ ဦးမောင်ဉာဏ်က ပြောသည်။

“လုပ်မယ်ဆိုရင်လည်း အလုပ်နဲ့ပီသအောင် လုပ်မှရမှာကိုး၊ မလုပ်ဘူးဆိုရင်လည်း နှင်ရမှာပေါ့” ဟု ဦးမောင်ဉာဏ်က ဆိုသည်။

နှစ်လမ်းသွားလမ်းအဖြစ် အဆင့်မြှင့်ရာတွင် ထိုင်းနိုင်ငံ၏ NEDA အဖွဲ့တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီကိုသာ တင်ဒါယှဉ်ပြိုင် ခွင့်ပြုမည်ဖြစ်ကြောင်း အထက်ပါကော်မတီ၏ ဒုဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းက ပြောဆိုထားသည်။

NEDA က ရယူမည့် ချေးငွေက ထီးခီးလမ်း နှစ်လမ်းသွားအဆင့်မြှင့်ရန်အတွက်သာ အသုံးပြုရမည်ဖြစ်ပြီး မြေယာလျော်ကြေးငွေ ကို မြန်မာအစိုးရက ကျခံပေးလျော်ရမည်ဖြစ်သည်။

အဆိုပါလမ်းကို ထိုင်းနိုင်ငံ အဝေးပြေးလမ်းမဌာန၏ နှစ်လမ်းသွားစံချိန်စံညွှန်းအတိုင်း ဖောက်လုပ်မည်ဟု သိရကြောင်း ၎င်းက ပြောသည်။

အထက်ပါလမ်းနှင့် ပတ်သက်၍ ဒေသခံဌာနေတိုင်းရင်းသားများက ယင်းလမ်းစီမံကိန်း အကောင်အထည်ဖော်စဉ် မပြီးပြတ် သေးသည့် ပြဿနာများကို ဖြေရှင်းပေးရန်၊ သဘာဝပတ်ဝန်းကျင် (အထူးသဖြင့် ရေအရင်းအမြစ်) ပြန်လည်ထိန်းသိမ်းပေးရန်၊ မြေယာနှင့် သီးနှံအပါအဝင် လျော်ကြေးများကို တရားမျှတစွာ ပွင့်လင်းမြင်သာစွာ ပေးဆောင်ရန် စသည့် အကြံပြုချက် ၇ ချက်ကို NEDA နှင့် ထိုင်းလူ့အခွင့်အရေး ကော်မရှင်တို့ထံ ပေးပို့ခဲ့ဖူးသည်။

စီမံကိန်းအကောင်အထည်ဖော်မှု နောက်ကျနေသည့်အတွက် ထိုင်းနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းများအတွက်လည်း ထိခိုက်မှုရှိကြောင်း ဒေါက်တာထွန်းနိုင်က ဆိုသည်။ လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား မြန်မာ၊ ထိုင်းနိုင်ငံတို့အပြင် ဂျပန်နိုင်ငံကလည်း ပါဝင်ရန် စိတ်ဝင်စားပြီး အစိုးရချင်းဆွေးနွေးမည်ဖြစ်ကြောင်း ကမ်းလှမ်းထားသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က တွေ့မြင်ရသည့် ထားဝယ် အထူးစီးပွားရေး ဇုန် မြင်ကွင်းများ