ထားဝယ်တွင် ကွန်ဒုံးရရှိရန် ခက်ခဲလာ

0
278
Dawei Watch, Dawei News, Dawei News Media

လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများကို ကာကွယ်ပေးနိုင်သည့် အမျိုးသားသုံးကွန်ဒုံးကို ထားဝယ်ဒေသတွင် ဝယ်ယူရန် ခက်ခဲလာသည်။

အကြောင်းအရင်းများစွာအနက် ဆေးဆိုင်အချို့တွင် ရောင်းချသူများက အမျိုးသမီးများဖြစ်နေသဖြင့် အမျိုးသားများက ဝယ်ယူရန် ရှက်ကြောက်ခြင်း၊ ကွမ်းယာဆိုင် အနည်းစုတွင်သာ တင်ရောင်းတော့ခြင်း အစရှိသည့် အကြောင်းများလည်း ပါဝင်နေသည်။

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်အချို့တွင်လည်း ကွန်ဒုံးကို ဆိုင်တင်ရောင်းချခြင်းမရှိတော့သည့်အပြင် အဖွဲ့အစည်းများမှ အခမဲ့ဖြန်ဝေခြင်းမှာလည်း နည်းပါးသွားပြီဖြစ်သည်။

ယခင်က အဖွဲ့အစည်းအချို့၏ အကူအညီဖြင့် လမ်းဘေးလူစည်ကားသည့် နေရာများနှင့် ကွမ်းယာဆိုင်အချို့တွင် ကွန်ဒုံးကို အလွယ်တကူ ရရှိနိုင်သည်။

ကွန်ဒုံးဝယ်ယူရာတွင် ပတ်ဝန်းကျင်၏ ကဲ့ရဲ့မှုကို ကြောက်ရွံ့နေရသည့် အခြေအနေရှိနေသည့်အတွက် စိတ်လုံခြုံစွာ ဝယ်ယူနိုင်မည့်နေရာမျိုး လိုအပ်ကြောင်း ထားဝယ်မြို့နေ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“ပတ်ဝန်းကျင်က အထန်ကောင်လားလို့ အထင်ခံရမှာလည်း စိုးတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ယင်းသို့သော အခြေအနေများကြောင့် ကွန်ဒုံးအားအလိုရှိသည့် အမျိုးသားများမှာ စိတ်လုံခြုံစွာ မဝယ် နိုင်တော့ဘဲ အကာအကွယ်မဲ့ လိင်တူ/ လိင်ကွဲ ဆက်ဆံရာမှတစ်ဆင့် ကာလသား ရောဂါ၊ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ခြေများသည့် အနေအထားဖြစ်လာ သည်။

တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနရှိ ခုခံအားကျ/ကာလသား ရောဂါတိုက်ဖျက်ရေးအဖွဲ့၏ စာရင်းများအရ တိုင်းအတွင်း HIV ပိုးပြန့်ပွားခြင်းအား ဟန့်တားသည့် ART ဆေး ဆေးသောက်နေရသူ ငါးထောင်နီးပါးရှိ နေသည်။

လက်ရှိတွင် HIV ရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်သေးဘဲ သွေးစစ်ရာမှ တစ်လလျှင် ကူးစက်ခံရသူ လေးဦးမှ ဆယ်ဦးခန့် တွေ့နေရသည်ဟု တိုင်းဒေသကြီး ခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာကျော်တင့်ထွန်းက ပြောဆိုထားသည်။

တစ်ဖက်တွင်လည်း ကွန်ဒုံးအား နေရာတကျ အသုံးပြုခြင်းမျိုးမဟုတ်ဘဲ လေပူပေါင်းမှုတ်ခြင်း၊ အခြားနေရာတွင် အပျော်သဘောဖြင့် တလွဲသုံးစွဲသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

HIV ရောဂါပိုးကူးစက်ခံရမှု အများဆုံး ဖြစ်နေသည့် အုပ်စုသုံးစုရှိသည်။

၎င်းတို့မှာ လိင်လုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးများနှင့် လိင်ဆက်ဆံသည့် အုပ်စု၊ အမျိုးသားချင်းလိင်တူဆက်ဆံအုပ်စုနှင့် မူးယစ်ဆေးအား အကြောအတွင်း ထိုးသွင်းသည့်အုပ်စုတို့ ဖြစ်သည်။