ထားဝယ် ကမ်းခြေလည်ပတ်ခွင့်ပေးရန် ဒေသခံများလိုလား

0
191
သဘော့ဆိပ်ရွာရှိ ကမ်းခြေ

ကိုဗစ်ကပ်ဘေးကြောင့် တနင်္သာရီ တိုင်းအတွင်းရှိ ကမ်းခြေများသို့ သွားရောက်လည်ပတ်ခွင့်ကို တိုင်းအစိုးရက ကန့်သတ်တားမြစ်ထားသည်ကို ပြန်ဖွင့်ပေးရန် ဒေသခံများ အလိုရှိနေကြသည်။

လက်ရှိတွင် ပြည်သူအများစုက သွားလာလည်ပတ်ရန် နေရာမရှိသည့်အတွက် စိတ်မွန်းကြပ်ကာ ကမ်းခြေ လည်ပတ်ခွင့်အား စည်းစနစ်တစ်ခု သတ်မှတ်ကာ ပြန်လည်ခွင့်ပြုပေးစေလိုကြောင်း ပြောဆိုလာကြသည်။

ကမ်းခြေသို့ လည်ပတ်ခွင့်ပြုပြီး ကမ်းခြေရှိ စားသောက်ဆိုင်များအား ပါဆယ်စနစ်သာ ရောင်းခွင့်ပြုပါက လူစုလူဝေးဖြစ်စေမည့် ကိစ္စအား ဖြေရှင်းနိုင်မည်ဖြစ်သည့်အတွက် သွားခွင့်ပြုစေလိုကြောင်း ထားဝယ်မြို့ ဇရစ်ရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ကမ်းခြေက နေရာကျယ်တယ်ဆိုတော့ လူစုလူဝေးမဖြစ်ဘဲ ရနိုင်လောက် တယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

ကမ်းခြေလည်ပတ်ခွင့်ပိတ်ထားသည့်အတွက် ဒေသခံများက တောင်တက် ခရီးစဉ်များ တွင်ကျယ်စွာ သွားလာနေ ကြသည်။

ထို့အပြင် ထားဝယ်ဒေသရှိ နာမည်ကြီး မောင်းမကန်ကမ်းခြေအား ပိတ်ထားသည့်အတွက် တင်းကျပ်မှုအားနည်းသည့် အခြားကမ်းခြေများသို့ သွားရောက် လည်ပတ်နေကြသည်။

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာရှိ ကမ်းခြေတွင် လည်ပတ်သူ ရာချီရှိနေပြီး စည်ကားနေသည်ကို တွေ့ရသည်။

တာဝန်ရှိသူများအနေဖြင့် တိုင်းကျော်ဝင်ရောက်လာသူများကိုသာ တင်းကျပ်စွာ တားမြစ်သင့်ပြီး ကမ်းခြေလည်ပတ်ခွင့် ပြုစေချင်ကြောင်း ပြောဆိုသူများလည်း ရှိသည်။

တိုင်းအတွင်း အဓိက ဝင်ပေါက်ဖြစ်သည့် လေယာဉ်ကွင်းနှင့် မလွှဲတောင်ဂိတ်တွင် သေချာစွာစစ်ဆေးကြပ်မတ်ပြီး ကမ်းခြေ လည်ပတ်ခွင့်ကိုမူ ခွင့်ပြုပေးသင့်နေပြီဟုထင်ကြောင်း ကြက်စားပြင်ရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

ကမ်းခြေတွင်လည်း လူစုလူဝေး မဖြစ်စေဘဲ စနစ်တကျဖြစ်စေရန် ကြပ်မတ်ပါက အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သို့ရာတွင် ကမ်းခြေလည်ပတ်ခွင့် အပါအဝင် ကိုဗစ်ကန့်သတ်ချက်များမှာ လက်ရှိအချိန်ထိ အသက်ဝင်နေဆဲဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျကမူ လူစုလူဝေးဖြစ်ကာ ကိုဗစ်ကူးစက်မှုများပြားလာမည်ကို စိုးရိမ်သဖြင့် ကန့်သတ်ထားခြင်းဖြစ်သည် ဟု ဆိုသည်။

“ကျွန်တော်တို့က မသွားစေချင်ဘူး ဆိုတာက ကိုဗစ်ကူးမှာစိုးလို့။ လူစု လူဝေးဖြစ်မှာစိုးလို့၊ သွားကြပြီဆို ကတည်းက လူစုလူဝေးနဲ့ သွားရတာကိုး” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ကိုဗစ်ကန့်သတ်ချက်များအနက် စည်ပင်သာယာဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းများအား စုံရက်၊ မရက်ဖြင့် တစ်ဆိုင်ခြားဖွင့်ခွင့်ပြုနေရာမှ လက်ရှိတွင် ယင်းအချက်ကို ဖြေလျှော့ပေးကာ ဆိုင်ခန်းအားလုံးဖွင့်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“နောက်ပိုင်းလည်း အခြေအနေ လေးကြည့်ပြီးတော့မှ ကျွန်တော်တို့ ဖြေလျှော့လို့ရတာလေးတွေကို ပြည်သူ့ရဲ့ အသံ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အသံ၊ ဒေသခံတွေရဲ့အသံကို နားထောင်ပြီးတော့ လုပ်လို့ရတဲ့ အတိုင်းအတာထဲကနေ ဖြေလျှော့ပေး သွားပါမယ်” ဟု ၎င်းက ဆိုသည်။