အီတာလျံ-ထိုင်းကုမ္ပဏီအား ထားဝယ်စီမံကိန်းမှ ထုတ်ပယ်

0
128
Dawei Watch, Dawei News, Dawei News Media

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ ကနဦးစီမံကိန်းများအား အကောင်အထည်ဖော်မည့် အီတာလျံ- ထိုင်း ကုမ္ပဏီ (ITD) ၏ ပါဝင်ခွင့်ကို မြန်မာအစိုးရက ရုပ်သိမ်းလိုက်သည်။

အဆိုပါကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် စာချုပ်များကို ဖျက်သိမ်းပြီး စီမံကိန်းတွင် ပါဝင်ခွင့်ရုပ်သိမ်းလိုက်ကြောင်း မြန်မာအစိုးရ၏ အသိပေးစာကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရရှိကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဂျပန် အခြေစိုက် နီကိုင်းအေးရှား သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာအစိုးရက ပေးပို့ခဲ့သည့်စာအရ ကုမ္ပဏီဘက်မှ လုပ်ခွင့်ရလုပ်ငန်းများအတွက် ငွေကြေးမစိုက်ထုတ်နိုင်ခြင်း၊ Concession Fee မပေးသွင်းနိုင်ခြင်း စသည်တို့ကြောင့် သဘော တူညီမှု အဆုံးသတ်ပြီဖြစ်ကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။

ယင်းသို့ လုပ်ဆောင်ခွင့်အတွက် ပေးသွင်းရမည့် Concession Fee အနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သုံးသန်းကို ကော်မတီထံပေးသွင်းရကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက ပြီးခဲ့သည့် နှစ်ဆန်းပိုင်းတွင် ပြောဆိုထားသည်။

သို့ရာတွင် အီတာလျံ-ထိုင်းကုမ္ပဏီ က ပထမတစ်နှစ်အတွက်သာ ပေးသွင်းပြီး ကျန်သုံးနှစ်အတွက် ဒေါ်လာ ကိုးသန်း မပေးသွင်းသေးကြောင်း ၎င်းက ဆိုသည်။

ITD က ထိုသို့ ထုတ်ပယ်ခံလိုက်ရမူသည် မူလက စီမံကိန်းတစ်ခုလုံးကို လုပ်ကိုင်ခွင့်ရသည်အထိ ရှိခဲ့သော ကုမ္ပဏီအတွက် များစွာအထိနာစရာ ဖြစ်သည်။ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တစ်ခုလုံးလုပ်ကိုင်ခွင့် ITD က ၂၀၁၀ ပြည့်နှစ်တွင် ရရှိခဲ့သည်။

ယင်းနောက် စီမံကိန်း အကောင်အထည်ဖော်ရန် နှောင့်နှေးသဖြင့် ၂၀၁၃ ခုနှစ်တွင် ကုမ္ပဏီ၏ လုပ်ကိုင်ခွင့်ကို ရုပ်သိမ်းပြီး ထိုင်းနှင့် မြန်မာ အစိုးရတို့ အကောင်အထည်ဖော်သည့် ကုမ္ပဏီအဖြစ် အသွင်ပြောင်းခဲ့သည်။ ITD မှာ စီမံကိန်းတွင် ကနဦး စီမံကိန်းများ အကောင်အထည်ဖော်သည့် ကန်ထရိုက်တာအဖြစ် ပြန်လည် ပါဝင်လာခဲ့သည်။ ထိုနောက်တွင်မှ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်တွင် မြန်မာအစိုးရက ကုမ္ပဏီ လုံးဝထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်အား တနင်္သာရီအပတ်စဉ်က ဆက်သွယ်မေးမြန်းရာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အသေးစိတ်ဖြေဆိုမည်ဟု ပြောသည်။

လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား မြန်မာ၊ ထိုင်း နိုင်ငံတို့အပြင် ဂျပန်နိုင်ငံကလည်း ပါဝင်ရန် စိတ်ဝင်စားပြီး အစိုးရချင်း ဆွေးနွေးမည်ဖြစ်ကြောင်း ကမ်းလှမ်းထားသည်။