တနင်္သာရီ အွန်လိုင်းကိုယ်လက်လှုပ်ရှားအားကစားပြိုင်ပွဲဝင်သူ တစ်သောင်းနီးပါး

0
515
အွန်လိုင်းကိုယ်လက်လှုပ်ရှားအားကစားပြိုင်ပွဲဝင်သူ တစ်ဦး

ကိုဗစ်ကာလအတွင်း အွန်လိုင်းမှ တစ်ဆင့်ကျင်းပနေသည့် ကိုယ်လက်လှုပ် ရှားအားကစား (Physical Fitness Dance) ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသူ လူဦးရေ တစ်သောင်းနီးပါး ရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာန ထံမှ သိရသည်။

ယင်းအားကစားပြိုင်ပွဲကို ပွဲစဉ်ကိုး ပွဲအထိ ကျင်းပမည်ဖြစ်ပြီး လက်ရှိတွင် ပွဲစဉ် (၅) အထိရှိနေပြီဖြစ်သည်။

မြို့နယ်အသီးသီးမှ ပွဲစဉ် ၁ တွင် ၅၆၃ ဦး၊ ပွဲစဉ် ၂ တွင် ၁၁၅၉ ဦး၊ ပွဲစဉ် ၃ တွင် ၁၆၇၇ ဦး၊ ပွဲစဉ် ၄ တွင် ၂၃၀၂ ဦး၊ ပွဲစဉ် ၅ တွင် ၂၈၉၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း အထက်ပါဌာန ဒုတိယညွန်ကြားရေးမှူး ဦးမောင်မောင်မြင့် က ပြောသည်။

ပြိုင်ပွဲဝင်သူများသည် အားကစားဌာနမှ သတ်မှတ်ပေးထားသော သီချင်း တစ်ပုဒ်ပြီးသည်အထိ အကဟန်ဖြင့် အားကစားလှုပ်ရှားနေသည့် မှတ်တမ်း ဗီဒီယိုအား သက်ဆိုင်ရာ Facebook Group ပေါ်တွင် တင်ပေးပြီး ယှဉ်ပြိုင်ရသည်။

မြို့နယ်အလိုက် ပြိုင်ပွဲဖြစ်ပြီး တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တွင် လူဦးရေ အချိုးအစား အများဆုံး မြို့နယ်က အနိုင်ရမည်ဖြစ်သည်။

မြို့နယ်တစ်မြို့နယ်တွင် စုစုပေါင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့်လူဦးရေနှင့် ယင်းမြို့တွင် နေထိုင်သည့်စုစုပေါင်းလူဦးရေကို အချိုးချပြီး ပြိုင်ပွဲဝင်ဦးရေ အနည်းအများ သတ်မှတ်မည်ဖြစ်သည်။

ဥပမာ လူဦးရေ တစ်ထောင်နေထိုင်သော ထားဝယ်မြို့နယ်တွင် ပြိုင်ပွဲဝင်သူ တစ်ရာရှိပါက လူဦးရေစုစုပေါင်း၏ တစ်ဆယ်ရာနှုန်းက ဝင်ပြိုင်သည်ဖြစ်သည်။ တစ်ဖက်တွင် မြိတ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သူ နှစ်ဆယ်ရာနှုန်းဖြစ်နေပါက မြိတ်က အနိုင်ရမည်ဖြစ်သည်။

ယင်းနည်းအတိုင်း ခရိုင်အဆင့်၊ တိုင်းအဆင့် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နောက်ဆုံး တိုင်းနှင့်ပြည်နယ်အဆင့်အထိ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ဦးမောင် မောင်မြင့်က ရှင်းပြသည်။

ယင်းအပြင် တစ်ဦးချင်းဆုကိုလည်း ချီးမြှင့်မည်ဖြစ်ပြီး နှစ်သိမ့်ဆုမှ ပထမဆု အထိ ငွေကျပ် ငါးသောင်း၊ တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း ဖြစ်သည်။

ပြည်နယ်တိုင်းအဆင့်တွင် ပထမဆု သိန်းနှစ်ဆယ်၊ ဒုတိယဆု ၁၇ သိန်း၊ တတိယဆု ၁၅ သိန်း၊ နှစ်သိမ့်ဆုတစ်ဆုလျှင် ဆယ်သိန်းချီးမြှင့်မည်ဖြစ်ပြီး မြို့နယ်၊ ခရိုင် အဆင့်တွင်လည်း ယင်း ဆုအတိုင်းပင် ဖြစ်သည်။

ယင်းပြိုင်ပွဲအား တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ စတင်ကျင်းပနေခြင်းဖြစ်သည်။

ရန်နိုင်ထွန်း