အခြေခံပညာကျောင်းများ ပြန်ဖွင့်နိုင်ရေး ကြိုပြင်ဆင်ထားရမည်

0
196
အခြေခံပညာကျောင်း

အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ခွင့်ပြုပါက ပြန်ဖွင့်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားလိုက်သည်။

အားကစားနှင့် ကျန်းမာရေးဝန်ကြီး ဌာနက ညွှန်ကြားထားသည့် အချက် ၈၀ နှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် ညွှန်ကြားထားသော်လည်း မည်သည့်အချိန်တွင် ဖွင့်လှစ်ခွင့်ရမည်ကိုမူ မသိရသေးဟု တနင်္သာရီတိုင်းပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(ပညာ) ဦးအောင်စိုးက ပြောသည်။

“အစိုးရကနေပြီးတော့ ဖွင့်ခွင့်ပြုတဲ့ အချိန်မှာ ဖွင့်နိုင်အောင် ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေအောင် လုပ်ခိုင်းထားတဲ့ သဘောပါပဲ။ ဖွင့်ခွင့်ပြုတဲ့အချိန်မှာ အဆင်သင့် မဖြစ်မှာစိုးလို့ပေါ့နော်” ဦးအောင်စိုးက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၏ ကိုဗစ်စည်းကမ်း လမ်းညွှန်ချက် ၈၀ နှင့်ကိုက်ညီသည့် အခြေခံပညာ ကျောင်းများကို A အဆင့်၊ B အဆင့်၊ C အဆင့်များ သတ်မှတ်ကာ ဇူလိုင်လ အတွင်းက ပထမအကြိမ် ဖွင့်လှစ်ခွင့်ပြုခဲ့စဉ်က ကျောင်းအားလုံး ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပေ။

အခြေခံပညာကျောင်း

ယင်းကြောင့် ဒုတိယအကြိမ် ဖွင့်လှစ်ခွင့်ပြုချိန်တွင် ကျောင်းအားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားသည့် သဘောဖြစ်သည်ဟု ဦးအောင်စိုးက ဆိုသည်။

ပထမအကြိမ် ဖွင့်လှစ်ခွင့်ပြုစဉ်က A အဆင့်ရ အထက်တန်းကျောင်းများ တစ်လသာဖွင့်ခဲ့ရပြီး B အဆင့်ရ C အဆင့်ရ အထက်တန်းကျောင်းများမှာ ကိုဗစ်စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသဖြင့် လုံးဝ မဖွင့်လိုက်ရသည့် ကျောင်းများလည်း ရှိသည်။

A အဆင့်မရသည့် ကျောင်းများမှာ A အဆင့်ရရန် ပြန်လည်ပြင်ဆင်ရပြီး ကိုဗစ်စည်းကမ်းလမ်းညွှန်ချက်များနှင့် ကိုက်ညီမှသာ ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

ကျောင်းများပြန်ဖွင့်ချိန် အဆင်သင့်ဖြစ်ရေး ကြိုတင်ပြင်ဆင်ထားရန် အခြားတိုင်းနှင့်ပြည်နယ်များတွင် ညွှန်ကြားထားသည့်စာကို Facebook စာမျက်နှာတွင် တွေ့ရသော်လည်း ကျောင်းသို့ စာမဝင်သေးကြောင်း သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာမှ အထက ခွဲ ကျောင်းအုပ် ဒေါ်ဖြူဇင်ထွန်းက ပြောသည်။

“ကျွန်မတို့ကို မြို့နယ်က ညွှန်ကြား ရင်တော့ ပြန်ပြီးလုပ်မှ ရမှာပေါ့” ဟု ဒေါ်ဖြူစင်ထွန်းက ဆိုသည်။

သရက်နှစ်ခွကျေးရွာ အထက ခွဲ ကျောင်းမှာ A အဆင့်မရသဖြင့် ကိုဗစ် ပထမလှိုင်းပြီးနောက် ဖွင့်လှစ်ခွင့် နောက်ကျခဲ့သည်။ သို့သော် ၃ ရက်သာဖွင့်ခဲ့ရပြီး ပြန်ပိတ်ခဲ့ရသည်။

အထက်တန်းအဆင့် ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုရာတွင် လူဦးရေ အနည်းအများပေါ်မူတည်ပြီး တစ်ပတ် နှစ်ရက်တက်၊ တစ်ပတ် သုံးရက်တက် စသဖြင့် တစ်ရက်လျှင် တစ်သုတ်၊ နှစ်သုတ်ခွဲကာ အချိန်ခွဲကာ ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် ပညာသင်နှစ် တစ်နှစ်ပတ်လုံးတွင် တစ်လသာ ကျောင်းဖွင့်ခဲ့ရပြီး ယနေ့ အထိတိုင်အောင် ပိတ်ထားရသည်။ အလယ်တန်းနှင့် မူလတန်းများမှာမူ ၂၀၂၀ ပညာသင်နှစ် တစ်နှစ်ပတ်လုံး တစ်ရက်မျှ မဖွင့်ခဲ့ရပေ။

မိုးမြင့်