ကော့သောင်း-ရနောင်း ရေပြင် လုံခြုံရေးတိုးမြှင့်

0
248
Navy SEALs အထူးတပ်ဖွဲ့များ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်း-ရနောင်းနယ်စပ် ရေပြင်လုံခြုံရေး တိုးမြှင့်ခြင်းကို ထိုင်းဘက်မှ ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး ဆောင်ရွက်ခဲ့ကြောင်း မြိတ်- ပရာကျွတ် မောင်နှမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။

ဦးအောင်ကြည်မြင့်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မောတောင်နှင့် ထိုင်းနိုင်ငံ ပရာကျွတ်မြို့ စင်ခွန်းနယ်စပ် ဂိတ်တို့အကြား မြိတ်-ပရာကျွတ်မောင်နှမ မြို့တော် ဆက်ဆံရေးမှူး တစ်ဦးဖြစ်သည်။

ထိုင်းနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများမှာ တရား မဝင်လမ်းကြောင်းမှ ထပ်မံဝင်ရောက် လာနိုင်သည့်အတွက် ရေပြင်လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ခြင်းဖြစ်သည်။

လုံခြုံရေးတိုးမြှင့်‌ဆောင်ရွက်ရာတွင် ထိုင်းဘုရင့်တပ်မတော် (တပ်မတော်ရေ) စစ်တိုင်းအမှတ် ၃ သည် ရနောင်း- ကော့သောင်းနယ်စပ်ရေပြင်လုံခြုံရေးကို Navy SEALs အထူးတပ်ဖွဲ့များ အားဖြည့်ပြီး တင်းကျပ်စွာ ကြပ်မတ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း ဦးအောင်ကြည်မြင့်က ဆိုသည်။

အဆိုပါ အထူးတပ်ဖွဲ့သည် မြန် နှုန်းမြင့် လုံခြုံရေးရေယာဉ်ငယ်နှစ်စီးဖြင့် အခြား လုံခြုံရေးတပ်ဖွဲ့များနှင့်ပူးတွဲကာ အချိန်ပြည့် နယ်စပ်ရေပြင်လုံခြုံရေးကို တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောသည်။

ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင်နေထိုင်လုပ်ကိုင်နေကြသည့် မြန်မာ၊ လာအိုနှင့်ကမ္ဘောဒီးယား သုံးနိုင်ငံမှ နိုင်ငံသားများအား ဖမ်းဆီးခြင်းမပြုတော့ဘဲ ပန်းရောင်ကတ်ထုတ်ပေးရန် စီစဉ်နေသည်။

ပန်းရောင်ကတ်လျှောက်ထားလိုသူများသည် ဇန်နဝါရီ ၁‌၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အကြား သက်ဆိုင်ရာ အလုပ်ရှင်များမှ တစ်ဆင့် ခရိုင်အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနရုံးများတွင် စာရင်းပေးသွင်းနိုင်သည်။

မြင့်မိုရ်(မြိတ်)