ကံပေါက်- ပေါက်ပင်ကွင်း လမ်းကြောင်းပေါ်မှ ကျေးရွာသုံးဆယ်၏ လမ်းအဆင့်မြှင့်နိုင်ရန် တင်ပြမည်

0
421
လယ်ကြီးရွာ

ကံပေါက်မှ ပေါက်ပင်ကွင်းရွာ လမ်းကြောင်းပေါ်တွင်ရှိသော ကျေးရွာပေါင်းသုံးဆယ်၏ ကျေးရွာချင်းဆက် လမ်းပိုင်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်က ကျင်းပသည့် တနင်္သာရီတိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းလမ်းပိုင်းသည် မွန်ပြည်နယ်နယ်စပ် မလွှဲတောင်အနီးရှိ ပေါက်ပင်ကွင်းရွာမှ ထားဝယ် အထူးစီးပွားရေးဇုန်အထိ ပေါက်သော လမ်းကြောင်းဖြစ်သည်။

အဆင့်မြှင့်တင်ပေးရန်တင်ပြရာတွင် ပါဝင်သောအချို့ ကျေးရွာချင်း ဆက်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက လည်းကောင်း၊ အချို့ကျေး ရွာချင်းဆက်လမ်းကို နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အချို့ကို တိုင်းဖွံ့ဖြိုးမှုကြီး ကြပ်ရေးရုံး ရန်ပုံငွေများဖြင့် အသီးသီး ဖောက်လုပ်ထားခြင်းဖြစ်ကြောင်း ဝန်ကြီး က ပြောသည်။

ယင်းကဲ့သို့ မတူညီသော ဦးစီးဌာန အသီးသီးကဆောင်ရွက်နေသည့် လမ်းကြောင်းဖြစ်သောကြောင့် လမ်းဦးစီး ဌာနပိုင်လမ်းအဖြစ် ပြောင်းလဲသတ်မှတ်နိုင်ရေး ပြည်ထောင်အစုအစိုးရထံ တင်ပြပေးမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်းဆောင် ရွက်ရမည့် ကိစ္စဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

လက်ရှိတွင်လည်း အချို့လမ်းပိုင်းများအား ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး နှစ်အလိုက် အဆင့်မြှင့်တင်နေပြီဖြစ် ဖြစ်ကြောင်း ဝန်ကြီးဦးအောင်သူရက ပြောသည်။

ဖော်ပြပါ ကံပေါက်-ပေါက်ပင် ကွင်းလမ်းကြောင်းသည် ၃၅ မိုင်ဝန်း ကျင်ခန့်ရှိပြီး အဆိုပါလမ်းကြောင်းတွင် လုပ်ငန်းပမာဏကြီးမားသည့် တံတားများဆောက်လုပ်ခြင်း၊ ကုန်းမြင့်များအား ညှိရန်လိုအပ်နေခြင်း၊ လမ်းကွေ့ များကို ဖြောင့်ရန်လိုအပ်နေခြင်း တို့ရှိနေကြောင်း တိုင်းလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကြည်စိုးက ပြောသည်။

ဦးကြည်စိုးသည် ကံပေါက်- ပေါက်ပင်ကွင်းရွာလမ်းပိုင်း အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/ မရှိ လွှတ်တော်တွင် မေးခွန်းမေးခဲ့သူဖြစ်ပြီး ရေဖြူမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒ နယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည်။

အဆိုပါလမ်းကြောင်းတွင် ကံပေါက်၊ ရှင်ပျံ၊ အိန္ဒရာဇာ၊ ဆင်ကူး၊ မင်းသား၊ ဆင်စွယ်၊ ရေငန်ကြီး၊ စိန်ဘုံ၊ နတ်ကြီးစင် ၊ ပေါက်ပင်ကွင်း စသည့်ကျေးရွာများ ရှိပြီး လူဦးရေ နှစ်သောင်းခွဲ ခန့်နေထိုင် ကြောင်းသိရသည်။

ကျော်သူစိုး