ထားဝယ်စီမံကိန်း ဧရိယာ မြေအဝယ်တော်များ ပြန်လာ

0
283

ထားဝယ်စီမံကိန်းသတင်း ပြန်လှုပ်လာသည့် အချိန်တွင် ကာလအတန်ကြာ ပျောက်နေသော မြေအဝယ်တော်များ ဒီဇင်ဘာ ပထမအပတ်ကတည်း ထားဝယ် စီမံကိန်း ဧရိယာ နဘုလယ်ဒေသဘက်သို့ ပြန်လာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ဂျပန်အစိုးရ ပါဝင်ရေး မြန်မာဘက်က သဘောတူလိုက်ပြီဆိုသည့် သတင်း၊ ထားဝယ်-ထီးခီး အမြန်လမ်း ဖောက်လုပ်တော့မည်ဆိုသည့် သတင်းများကြောင့် စီမံကိန်း ဧရိယာအတွင်း ထိုသို့ အနည်းငယ်လှုပ်ခတ်လာခြင်း ဖြစ်သည်။

သို့သော် မြေအရောင်းအဝယ်လည်းမဖြစ်၊ ဈေးတက်ခြင်း၊ ကျခြင်း လည်းမရှိဘဲ ပုံမှန်အတိုင်းရှိနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။

“မြေအဝယ်တော်တွေကတော့ လာနေကြတယ်။ ထိထိရောက်ဝယ်တာတော့ တို့နားမှာမရှိသေးဘူး” ဟု နဘုလယ်ဒေသ ပရဒတ်ရွာသူ ဒေါ်သန်းပိုက ပြောသည်။

နဘုလယ်ဒေသရှိ ဒေသခံများတွင် မြေယာပိုင်ဆိုင်မှုအထောက်အထားရှိသူ မရှိသလောက်နည်းပါးကြောင်း ဒေသခံများက ပြောဆိုကြသည်။ အစိုးရ မြေယာ လျော်ကြေးပေးပါက ပိုင်ဆိုင်မှုအထောက် အထားရှိသူများကိုသာ လျော်ကြေးပေး မည်ဟု ကြားသိနေရသဖြင့် ပိုင်ဆိုင်မှု စိုးရိမ်ပူပန်မှုလည်းဖြစ်နေကြောင်း ၎င်းတို့က ပြောသည်။

ဝယ်ထားသောမြေ၊ ဘိုးဘွားပိုင်မြေ စသည်ဖြင့် မြေရောင်းထုတ်နိုင်ရန်အတွက် ဒေသခံရွာသား အချို့က စီမံကိန်းမျှော်နေကြသည်။

အခြားတစ်ဖက်တွင် မြေရောင်းရ ငွေ၊ လျော်ကြေးငွေရထားသူများမှာ မြေလည်းဆုံး၊ ငွေလည်းအဖတ်မတင်တော့သည့် ဖြစ်ရပ်အချို့ရှိသည်။

ကျော်သူစိုး