ယာယီရွက်ဖျင်တဲ ပစ္စည်းပြတ်

0
246
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ဒေသတွင် ကိုဗစ်ကပ်ဘေး ကာလအတွင်း ယာယီရွက်ဖျင်တဲဝယ်ယူသူများလာသည့်အတွက် ပစ္စည်းပြတ်သည်အထိ အရောင်းသွက်လာကြောင်း ရွက်ဖျင်တဲရောင်းချနေသူအချို့ထံမှ သိရသည်။

ကိုဗစ်ကပ်ဘေးမဖြစ်မီက မရောင်းရ သလောက်သာရှိနေခဲ့ရာမှ လက်ရှိတွင် ပစ္စည်းလက်ကျန်မရှိသလောက်ဖြစ်သည်အထိ အရောင်းသွက်လာကြောင်း စတိုင်သစ် အိမ်သုံးပရိဘောဂ အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုသည်။

“(ဆိုင်မှာ) တင်ရောင်းတာက မနှစ်ကတည်းက တင်ရောင်းတယ်။ ဒီနှစ်က ပိုပြီးတော့ အဝယ်များတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ကိုဗစ်ကပ်ဘေးကာလအတွင်း ကမ်းခြေလည်ပတ်ခွင့်ပိတ်ထားသဖြင့် ဒေသခံများက ထားဝယ်ဒေသရှိ တောတောင်များသို့ ညအိပ်ခရီးသွားလာသူ ပိုများလာခဲ့သည်။

ထို့အပြင် ထားဝယ်ဒေသရှိ အွန်လိုင်းဈေးရောင်းချသူများက ယင်းဆိုင်များတွင် တစ်ဆင့်ခံယူရောင်းချခြင်းလည်း ရှိသည်။

အထူးသဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ဝယ်ယူပိုများလာကြောင်း ထားဝယ်မြို့ အခြေစိုက် ခိုင်ခံ့ထူး အိမ်သုံးပရိဘောဂပစ္စည်း အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောသည်။

“အခု ရောင်းဖို့မရှိတော့ဘူး။ အွန်လိုင်းရှော့ ရောင်းတဲ့ သူတွေလည်း ဒီမှာ လာယူကြတယ်” ဟု အထက်ပါ ဆိုင်ပိုင် ရှင် အမျိုးသမီးကဆိုသည်။

အဆိုပါ ယာယီတဲအချို့ကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းကြသည်။

လက်ရှိတွင် ကိုဗစ်ကပ်ဘေးဖြစ်နေပြီး နယ်စပ်ဝင်ပေါက်များ ပိတ်ထားသည့်အတွက် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်နေကြောင်း ရောင်းချနေသည့် ဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။

အဆိုပါ ယာယီတဲတစ်လုံးလျှင် ပစ္စည်းအမျိုးအစားအလိုက် ကျပ်တစ် သောင်းခွဲမှ ကျပ်နှစ်သောင်းကျော်အထိ ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဟိဏ်းဇော်