ကိုဗစ်ကြောင့် ဆားဈေး တစ်ရာကျပ်ခန့် ကျ

0
192
နေလှန်းဆား

ထားဝယ်ဒေသထွက် ဆားဈေးမှာ ကိုဗစ်ကပ်ဘေးအတွင်း တစ်ပိဿာလျှင် ကျပ်တစ်ရာခန့် ကျဆင်းသွားခဲ့ကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူတို့ထံမှ စုံစမ်း သိရှိရသည်။

ယမန်နှစ်က ဆားအထွက်များခဲ့သော်လည်း ကိုဗစ်ကပ်ဘေးအတွင်း ငါးဆားထိုး အသုံးပြုမှုနည်းပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း စသည့် အကြောင်းများကြောင့် ဆားဈေး တစ်ပိဿာလျှင် ၅၀ ကျပ်မှ ၁၀ဝ ကျပ်ခန့် အထိ ကျဆင်းသွားသည်။

ယခင်က နေလှန်း ဆားချော တစ်ပိဿာလျှင် ကျပ် ၂၆၀ မှ ၂၈၀ အထိ ရှိခဲ့သော်လည်း ယခုအခါ တစ်ပိသာလျှင် ၁၈၀ ကျပ်ခန့်သာ ရှိသည်ဟု ထားဝယ်မြို့ အခြေစိုက် ရွှေပြည်သာ ဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောကြားသည်။

“ဈေးကျတာက ဆားထွက်တဲ့ ရာသီကလည်း နီးလာပြီလေ။ နောက်ပြီး ခါတိုင်းနှစ်နဲ့စာရင် ဆားအသုံးလည်း နည်းတယ်ပေါ့” ဟု ဦးသန်းဝင်းက ပြောသည်။

ယခင်က ထိုင်းနိုင်ငံသို့ ငါးဆား နယ်ပို့ခဲ့သော်လည်း ယခုအခါ ရေခဲငါးများကိုသာ အဓိက တင်ပို့သဖြင့် လုပ်ငန်းတွင် ဆားအသုံးနည်းသွားကြောင်း ၎င်းက ဆိုသည်။

ယခင်က မြိတ်နှင့် ကော့သောင်းသို့ ဆားတင်ပို့ရောင်းချရသဖြင့် ဆားဈေး တစ်ပိဿာ ၃၀ဝ မှ ၃၃၀ ကျပ်အထိ ဈေးကောင်းရခဲ့သော်လည်း ယခုအခါ တစ်ပိဿာ ၂၈၀ ကျပ်ခန့်သာရှိသည်ဟု သရက်ချောင်းမြို့နယ် ပြင်းဖြူကြီး ကျေးရွာမှ (မီးချက်) ဆားလုပ်ငန်း လုပ်ကိုင်သူ ဒေါ်မြင့်စန်းက ပြောသည်။

“ဈေးကျတာက ရွာဝေးတွေကိုလည်း ညအိပ် ညနေသွားမရဘူးလေ။ ဒီနယ်တဝိုက်မှာပဲ လှည့်ရောင်းနေရတာ ဆို‌တော့ ဆားဈေးက တက်မရတော့ဘူး။ သူတို့ဘက်က အထောက်အထားခိုင်လုံမှ ဆားသွားရောင်းလို့ ရတယ်” ဟု ဒေါ်မြင့်စန်းက ဆိုသည်။

တနင်္သာရီတိုင်းတွင် နေလှန်းဆား ဧက ၂၀ဝ ကျော်ရှိပြီး ထင်းမီးဖြင့်ချက်သည့် မီးချက်ဆားမှာ တစ်နိုင်တစ်ပိုင် လုပ်ကိုင်သည့် ဧက တစ်ဆယ်ကျော်ရှိသည်။

မိုးမြင့်