ငါးလေလံဈေးနှင့်စက်မှုဇုန် အတွက် မြေယာဝယ်ယူခြင်း ပွင့်လင်းမြင်သာမှုမရှိဟု ရွာသားများဆို

0
176
Dawei Watch, Dawei News, Dawei News Media

အပြည်ပြည်ဆိုင်ရာငါးလေလံဈေးနှင့် စက်မှုဇုန်ဖော်ဆောင်ရန် ကနဦး မြေယာဝယ်ယူမှုတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း ရွာသားများက ပြောဆိုလိုက်သည်။

မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာတွင် မြိတ်အများပိုင်ကုမ္ပဏီလီမိတက်မှ အပြည်ပြည်ဆိုင်ရာငါးဈေးနှင့် စက်မှုဇုန် အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပြီး ဒေသခံများလုပ်ကိုင်စားသောက် နေသည့် လယ်ယာမြေနှင့် ဓနိမြေများအား ဝယ်ယူရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း ရွာသားများကဆိုသည်။

စီမံကိန်းအကောင်အထည်ဖော်ရန် မြေဧကနှစ်ထောင်ကျော် အသုံးပြု၍ အမေရိကန်ဒေါ်လာ သန်း ၃၀ဝ ရင်းနှီး မြှုပ်နှံသွားမည်ဖြစ်ပြီး တိုင်းအစိုးရမှ တစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တင်ပြထားကြောင်း ကုမ္ပဏီတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောဆို ထားသည်။

မြေယာဝယ်ယူရန် ရွာသားတချို့အား ဒီဇင်ဘာ ၂၂ ရက်ညတွင် မြိတ်အများပိုင်ရုံးသို့ခေါ်ယူပြီး ညတွင်းချင်း ဆုံးဖြတ်စေကာ စာချုပ်တွင် လက်မှတ်ထိုး ခိုင်းခဲ့သည်ဟု အဆိုပါရွာသားများက ပြောပြသည်။

မြေဝယ်ရန်ညှိနှိုင်းရာတွင် ရွာသားများတောင်းဆိုသည့် လက်ရှိပေါက်ဈေးနှုန်းအား လက်ခံခြင်းမရှိဘဲ ၎င်းတို့သတ် မှတ်ထားသည့် ဈေးနှုန်းဖြင့်သာဝယ်ယူ မည်ဟု ပြောဆိုခဲ့ပြီး မြေစာရင်းဦးစီးဌာန မှတာဝန်ရှိသူနှင့် အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့ကလည်း ခြိမ်းခြောက်သည့် သဘောမျိုးပြောဆိုခဲ့ကြောင်း သွားရောက်တွေ့ဆုံခဲ့သည့် ရွာသားများ က ပြောပြသည်။

“ခင်ဗျားတို့ ရောင်းရင်ရောင်းပါ။ ကျွန်တော်တို့ကလည်း ဒီတစ်ကြိမ်ပဲ ဝယ်မယ်။ အစိုးရသိမ်းလိုက်ရင် ဒီဈေး အတိုင်းမရတော့ဘူး။ နိုင်ငံတော်အတိုင် ပင်ခံကလည်း အမြန်ဆုံးလုပ်ဖို့ ကျွန်တော် တို့ကိုပြောထားတယ် ဆိုပြီးခြိမ်းခြောက်တဲ့သဘောမျိုး ပြောခဲ့တယ်” ဟု ယင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ကျွဲကူးကျေးရွာနေ တောင်သူ ကိုသန်းအောင် ကပြောသည်။

ယင်းသို့ခြိမ်းခြောက်မှုမျိုးပါလာသည့်အတွက် တောင်သူတချို့မှ အသိမ်း ခံရမည်ကို စိုးရိမ်ပြီး ညတွင်းခြင်း လက်မှတ်ထိုးကာ ကြောက်ကြောက်လန့်လန့်ဖြင့် ရောင်းချခဲ့ကြောင်း တက်ရောက်ခဲ့သည့် ရွာသားများက ပြောပြသည်။

“သူတို့ပေးတဲ့ဈေးကို ညတွင်းချင်း ဆုံးဖြတ် ခိုင်းတယ်ဆိုတော့ ဘယ်ကျေနပ်ပါ့မလဲ။ ဆုံးမှာကိုကြောက်တော့ မကျေနပ်ဘဲ လက်ခံလိုက်ရတယ်” ဟု တောင်သူ ဦးပန်းငြိမ်းက ပြောသည်။

ရောင်းချခဲ့သည့် အရောင်းအဝယ် ကတိစာချုပ်တွင်လည်း တစ်ဧကလျှင် စရန်နှစ်သိန်းနှုန်း လက်ရှိပေးကာ လာမည့် ၂ နှစ်အတွင်း ကျန်ငွေအားလုံးကို ပေးချေမည်ဟု ပြောဆိုကာ ချုပ်ဆိုခဲ့ကြောင်း ရွာသားများက ပြောပြသည်။

မြိတ်အများပိုင်ဘက်မှ တာဝန်ရှိသူ ကမူ မြေပွဲစားများ ဝင်ရောက် လာမည်စိုးသည့်အတွက် တောင်သူတချို့ကို ခေါ်ယူပြီး ဒေသပေါက်ဈေးထက်ပိုသည့် ဈေးပိုပေးကာ ညှိနှိုင်းအသိပေးခဲ့ကြောင်း ဆို သည်။

“]နောက်ထပ်လာရောင်းမဲ့သူတွေကိုလည်း ကာလပေါက်ဈေးနဲ့ ကုမ္ပဏီ က အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

စီမံကိန်းလုပ်ငန်းကို မြိတ်အများ ပိုင်ကုမ္ပဏီတစ်ဦးတည်း ဆောင်ရွက်သွားမည်မဟုတ်ဘဲ ဒေသခံအနေဖြင့် လည်း မြေယာထည့်ဝင်ကာ ရှယ်ယာရှင်အဖြစ် ပူးပေါင်းလုပ်ဆောင်နိုင်ကြောင်း ၎င်းက ဆိုသည်။

“စီမံကိန်းလုပ်ဖြစ်သွားရင် အားလုံးအတွက် အကျိုးဖြစ်ထွန်းမယ်။ မဖြစ်ရင်လည်း ပေးထားတဲ့စရန်ငွေတွေ အဆုံးခံပါ့မယ် လို့ပြောထားတယ်” ဟု ၎င်းက ပြောသည်။

စီမံကိန်းတည်ဆောက်ရေး ကာလမှာ ခုနှစ်နှစ်ခန့်ကြာမြင့်မည်ဟု ခန့်မှန်းရပြီး ပြီးမြောက်သွားလျှင် ဒေသခံအမြောက်အမြား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကာ ထိုင်းနိုင်ငံသို့ရောက် ရှိနေသည့် ဒေသခံအလုပ်သမားများကိုလည်း ပြန်လည်ခေါ်ယူနိုင်မည် ဖြစ် ကြောင်း တာဝန်ရှိသူကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ (မြိတ်) တာဝန်ခံ စဧရာဝင်း ကမူ ရင်းနှီးမြှုပ်နှံမည့်စီမံကိန်းနှင့်ပတ်သက်ပြီး ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာထုတ်ပြန် ရန်လိုကြောင်း ပြောဆိုသည်။

“ကမ်းလှမ်းသူနဲ့ ကမ်းလှမ်းခံရသူတွေရဲ့ သဘောသဘာဝမှာ ခြိမ်းခြောက်မှု ကင်းရမယ်။ မလျော်သြဇာမသုံးဘဲနဲ့ တစ်ဆင့်ချင်းစီ တာဝန်ယူတာဝန်ခံမှု ပုံစံမျိုးနဲ့ စနစ်တကျတော့ သွားဖို့လို တာပေါ့။ ကုမ္ပဏီဘက်က လုပ်ရမယ့် ဟာတွေက အများကြီးရှိတယ်” ဟု ၎င်းက ပြောသည်။

မြိတ်မြို့တွင် လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ဆယ်နီးပါး ကတည်းက အပြည်ပြည်ဆိုင်ရာငါးလေလံဈေးကြီးတစ်ခုက ရှိနှင့်နေပြီးဖြစ်သည်။

ယင်းငါးလေလံဈေးသည် အမေရိကန် ဒေါ်လာ သန်း ၇၀ ရင်းနှီးမြှုပ်နှံခွင့်ကို မြန်မာ့ရင်းနှီးမြှုပ်နှံကော်မရှင် (MIC) ထံမှရရှိခဲ့ပြီး မြေပြင်တွင် အမေရိကန်ဒေါ် လာ ၁၀ သန်းဖြင့် ၂၀ဝ၁ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ သို့သော် ထိုစဉ်ကဖြစ်ပွားခဲ့သည့် ထိုင်းမြန်မာနယ်စပ်ပြဿနာ များကြောင့် ၂၀ဝ၃ ခုနှစ်တွင် လုပ်ငန်းရပ် နားခဲ့ရသည်။

ထိုနောက် ၂၀၁၆ ခုနှစ်တွင် မူလလုပ်ငန်းများ ပြန်လည်ပတ်ရေး စိုင်းပြင်းခဲ့သော်လည်း ပြင်သစ်နိုင်ငံမှ လွှဲပို့မည့် ဒေါ်လာ သန်း ၂၀ လွှဲပြောင်းခွင့်ရရှိရေး ကုမ္ပဏီ က ယနေ့အထိအခက်ကြုံနေသည်။

ယခုအသစ်တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာငါးလေလံစီမံကိန်းအား ရွာသားများမှ ကြိုဆိုကြသည်။

သို့သော် ကုမ္ပဏီဘက်မှ တောင်သူများကို မြေယာကိစ္စနှင့်ပတ်သက်ပြီး ချပြရာတွင် ကြိုတင် ညှိနှိုင်းဆောင်ရွက်မှု အားနည်းပြီး ပွင့်လင်းမြင်သာမှုလည်းမရှိ သောကြောင့်ကြောက်ရွံ့ ထိတ်လန့်မှုများသာ လတ်တလောတွင် ခံစားနေရသည်ဟု တောင်သူ ဦးပန်းငြိမ်း ဆိုသည်။

ကိုဆန်း