ကိုဗစ်ကန့်သတ်ချက်ကို စိန်ခေါ်နေသည့် ပဲ့စင်ကျွန်းခရီးစဉ်

0
169
ပဲ့စင်ကျွန်း

အစိုးရက တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျွန်းလည်ပတ်မှုခရီးစဉ်ကို တားမြစ်ထားသော်လည်း ထားဝယ် ဒေသရှိ ပဲ့စင်ကျွန်းခရီးစဉ်များကို Facebook စာမျက်နှာပေါ်တွင် ပေါ်ပေါ်တင်တင် ရောင်းချခြင်းဖြင့် အစိုးရ ကန့်သတ်မှုများကို စိန်ခေါ်နေသည်။

ကိုဗစ်ကပ်ဘေးကာလတွင် တနင်္သာရီ တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကျွန်းခရီးစဉ်များ၊ ကမ်းခြေလည်ပတ်ခွင့်အား ကန့်သတ်တားမြစ်ထားသည်။

သို့သော် လောင်းလုံးမြို့နယ်အတွင်းရှိ ကျွန်းခရီးစဉ်အတွက် လူတစ်ဦးလျှင် ငွေကျပ် နှစ်သောင်းဖြင့် ရောင်းချနေသကဲ့သို့ ညအိပ်သွားလာသူများလည်းရှိ နေသည်။

ထိုကဲ့သို့ သွားလာနေကြောင်း Face book ပေါ်တွင်တွေ့ရသည့်အတွက် ဦးဆောင်သွားလာသူကို နောင်မလုပ်ရန် သတိပေးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။

“လိုင်းပေါ်တင်ပြီးသွားရင် အခကြေး ငွေယူပြီးတော့မှ ဒါကိုပို့ဆောင်ပေးတဲ့ အထိ ဖြစ်လာတယ်။ ခရီးသွားလုပ်ငန်း ဖြစ်လာတာပေါ့။ ခရီးစဉ် ရောင်းစားတဲ့ သဘောဖြစ်လာတယ်” ဟု ဦးညိုအေးက ပြောသည်။

လက်ရှိ ကိုဗစ်ကန့်သတ်ချက်များအရ ထိုကဲ့သို့ ပို့ဆောင်/ သွားလာလည် ပတ်ခွင့်မရှိသကဲ့သို့ ပို့ဆောင်နေသူတွင်လည်း ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင် ရှိရမည်ဖြစ်သည်။ သတိပေး တားမြစ်ချက်ကို မလိုက်နာပါက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေအရ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင် စင်မရှိဘဲ ခရီးသည်ပို့ဆောင်ပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ဝ ထက်မပိုသည့် ငွေဒဏ် ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရ မည်ဖြစ်သည်။

ကိုဗစ်ကန့်သတ်ချက် ချိုးဖောက်သည့်အတွက် သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေအရလည်း အရေးယူခံရနိုင်သည်။

ကိုဗစ်ကာလအတွင်း ခရီးသွားလုပ်ငန်းများ ပိတ်ထားသည့်အတွက် ခရီးသွား ကုမ္ပဏီများပင် ရပ်နားထားရချိန်တွင် ထိုကဲ့သို့ မပို့ဆောင်သင့်ကြောင်း ထားဝယ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ဆိုသည်။

“ကုမ္ပဏီတွေက ဥပဒေအတိုင်းနေ ပေးနေတဲ့အချိန်မှာ ပြည်သူတွေကလည်း အားလုံးပူးပေါင်းပါဝင်ဖို့အတွက် လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

ကိုဗစ်ကပ်ဘေးကြောင့် ကျွန်းနှင့် ကမ်းခြေသို့ သွားလာလည်ပတ်ခွင့်ကို အစိုးရက ကန့်သတ်ထားသော်လည်း အစုအဖွဲ့အလိုက်၊ မိသားစုအလိုက် သွားလာလည်ပတ်နေကြဆဲဖြစ်သည်။