မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ပိတ်သဖြင့် ကင်းမွန်ဈေးထိုးကျ

0
148
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင် – စင်ခွန်းနယ်စပ်ဂိတ်အား ဒီဇင်ဘာလ ၂၄ ရက်နေ့မှစပြီး ထိုင်းဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့သဖြင့် ဒေသထွက် ကင်းမွန်ဈေးနှုန်းထိုးကျခဲ့ကြောင်း ကင်းမွန်လှေ လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်ရှိ မဟာချိုင်ငါးဈေးတွင် လူရာချီကိုဗစ်ပိုး တွေ့ပြီးနောက် ထိုင်းဘက်မှ စင်ခွန်းဂိတ်အား ပိတ်ခဲ့ခြင်းဖြစ်သည်။

ကင်းမွန်ဈေးနှုန်းများ မကျဆင်းမီ နံပါတ် ၁၊ ၂၊ ၃ ဆိုဒ် သုံးမျိုးရော တစ်ဗန်းလျှင် ကိုးသောင်းမှ ကိုးသောင်း ခွဲကျပ်အထိရှိခဲ့ရာမှ ခြောက်သောင်းခွဲ ကျပ်သို့၊ နံပါတ် ၄ ဆိုဒ် တစ်ဗန်းလျှင် ငါးသောင်းကျပ်မှ သုံးသောင်းကျပ် သို့၊ နံပါတ် ၅ ဆိုဒ် တစ်ဗန်းလျှင် လေးသောင်းကျပ်မှ နှစ်သောင်းကျပ်ဝန်းကျင်နှင့် နံပါတ် ၆ တွင် နှစ်သောင်းငါး ထောင်ကျပ်မှ တစ်သောင်းကျပ်အထိ အသီးသီးဈေးကျခဲ့ကြောင်း ကင်းမွန်ဈေး ကွက်အတွင်းမှ သိရသည်။

“]ရေလမ်းကြောင်း ရနောင်းဘက်ကနေ သွားရလို့တဲ့” ဟု ကင်းမွန်လှေ လုပ်ကိုင်နေသူ ဦးဝင်းစိုးက ပြောသည်။

မြိတ်ဒေသထွက် ကင်းမွန်၊ ဂျင်းစ သည့် ရေထွက်ကုန်များအား ခရီးတိုပြီး အဓိက တင်ပို့လမ်းကြောင်းဖြစ်သည့် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်ပိတ်သဖြင့် ရေလမ်းမှ တစ်ဆင့်သွားရောက်ရသည့် ကော့သောင်းတစ်ဖက်ကမ်း ရနောင်းမြို့သို့ တင်ပို့ရောင်းချနေကြ ကြောင်း သိရသည်။

“ရနောင်းဘက်က ဖွင့်ပေးထားလို့ တော်သေးတယ်” ဟု မြိတ်မြို့နေ ရေထွက်ကုန်များ ဝယ်ယူရောင်းချနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

ဒေသထွက် ကင်းမွန်များအား မြို့ပေါ်တွင် အဝယ်ဒိုင်များဖွင့်ခြင်းဖြင့်လည်းကောင်း၊ ပင်လယ်ပြင် လုပ်ငန်းခွင်အထိ ဆင်းဝယ်ခြင်းဖြင့်လည်းကောင်း စုဆောင်းဝယ်ယူပြီး ထိုင်းသို့ တင်ပို့ ရောင်းချလေ့ရှိကြသည်။

မြင့်မိုရ်(မြိတ်)