မလိဝမ်းနှင့် သြကြီး ရှေးဟောင်းယဉ်ကျေးမှုဇုန် သတ်မှတ်နိုင်ရန် စီစဉ်

0
178
Dawei Watch, Dawei News, Dawei News Media

ကော့သောင်းမြို့နယ် မလိဝမ်းနှင့် သြကြီးဒေသအား ရှေးဟောင်းယဉ်ကျေးမှု ကာကွယ်ရေးဇုန် သတ်မှတ်နိုင်ရန် ဆောင်ရွက်မည့် အစီအစဉ်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ထားဝယ်ဌာနခွဲ) ထံမှ သိရသည်။

မလိဝမ်းနှင့် သြကြီးဒေသသည် ထိုင်းမြန်မာ နှစ်နိုင်ငံကို ပိုင်းခြားထားသည့် ပါချန်မြစ်ကမ်းဘေးတွင် တည်ရှိ သည်။

ယင်းဒေသသည် ဘီစီ ၂ ရာစုခန့် က တရုတ်နှင့် ဥရောပနိုင်ငံတို့အကြား ပိုးကုန်သည်များ ကူးသန်းရောင်းဝယ် မှုပြုကြသည့် ကုန်သွယ်ရေးလမ်းမကြီးတွင်ပါဝင်သည့် နေရာတစ်ခုဖြစ်ကြောင်း ပြင်သစ် အမျိုးသား သိပ္ပံနည်းကျသုတေသနစင်တာ အစီရင်ခံစာတွင် ဖော်ပြထား သည်။

ပြင်သစ် အမျိုးသား သိပ္ပံနည်းကျ သုတေသန စင်တာနှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံဘက်ရှိ မလိဝမ်းနှင့် သြကြီးဒေသအား ၂၀၁၈ ခုနှစ်မှ စပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ မလိဝမ်းနှင့် သြကြီး ဒေသ တစ်ဘက်ကမ်းရှိ ထိုင်းနိုင်ငံဘက်တွင်မူ လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကတည်းက သုတေသနပြုနေပြီဖြစ်သည်။

ယင်းသုတေသနတွေ့ရှိချက်အရ ဘီစီ ၂ ရာစု၊ ၄ ရာစုအတွင်းထွန်းကားခဲ့သည့် ကုန်သွယ်ဆိပ်ကမ်းနေရာများနှင့် မြို့ဟောင်းများကို မလိဝမ်းနှင့် သြကြီး ဒေသတွင် ဖော်ထုတ်နိုင်ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

လက်ဝတ်ရတနာများကုန်ကြမ်းများကို အိန္ဒိယနိုင်ငံမှ မှာယူပြီး ကုန်ချောအဖြစ် မလိဝမ်းနှင့် သြကြီးဒေသတွင် ထုတ်လုပ်ခဲ့သည်ဟု ပညာရှင်တို့က ယူဆထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ထားဝယ် ဌာနခွဲ) လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်စိုးက ရှင်းပြသည်။

ရှေးခေတ်ပုတီးစေ့များကိုလည်း မကြာခဏ တူးဖော်ရရှိနေပြီး မှောင်ခို ဈေးကွက်မှတစ်ဆင့် ထိုင်းနိုင်ငံဘက် ရောက်နေကြောင်း ဦးခင်မောင်စိုးက ပြောသည်။

“မလိဝမ်းဒေသမှာရတဲ့ပစ္စည်းမျိုးတွေဟာ ကော့သောင်းဘက်မှာရသလို ထိုင်းဘက်မှာလည်း ရနေတဲ့အခါကျတော့ ကာကွယ်မှုဇုန်အနေနဲ့ သတ်မှတ်ဖို့ကိုတော့ တဖြည်းဖြည်းနဲ့ လိုလာပါပြီ” ဟု ၎င်းကဆိုသည်။

ယင်းသို့ကာကွယ်ရေးဇုန် သတ်မှတ်နိုင်မှသာ ကော့သောင်းဘက်တွင် တွေ့ရှိသည့် ရှေးဟောင်းပစ္စည်း အခြားနိုင်ငံများသို့ ရောက်သွားသည်ကို ကာကွယ် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြင်သစ်ပညာရှင်များ မလိဝမ်းနှင့် သြကြီးဒေသတွေ့ရှိရသော အထောက်အထားများသည် ဗီယက်နမ်နိုင်ငံတောင်ပိုင်း၊ တရုတ်ဟန်မင်းဆက်၊ အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ အိုးခြမ်းကွဲများနှင့် ဆင်တူနေကြောင်း ပြင်သစ်အမျိုးသား သိပ္ပံ နည်းကျသုတေသနစင်တာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကျော်သူစိုး