ကျပ်သိန်း ၁၅၀ဝ၀ ကို သဘာဝဘေးတွင် သုံးရန်လျာထား

0
140
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းအတွင်း ကြိုတင် မမျှော်မှန်းနိုင်သည့် သဘာဝဘေးများ ကြောင့် အရေးပေါ်သုံးစွဲရမည့်ကိစ္စရပ်များတွင် သုံးစွဲရန် ငွေကျပ်သိန်းပေါင်း ၁၅၀ဝ၀ လျာထားကြောင်း တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ရ /သုံး)ထံမှ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း သုံးစွဲရန်လျာ ထားခြင်းဖြစ်ပြီး ကျပ်သိန်း ၁၀ဝ၀ဝ အား ပြည်ထောင်စုအစိုးရမှ ထောက်ပံ့ပေးခဲ့ပြီး သိန်း ၅၀ဝ၀ ကို တိုင်းအစိုးရ ရန်ပုံငွေမှ လျာထားခြင်းဖြစ်သည်။

အဆိုပါ ရန်ပုံငွေဖြင့် လေဘေး၊ ရေဘေး အစရှိသည့် သဘာဝဘေး အန္တရာယ်ကျရောက်ချိန်တွင် ထုတ်ယူ သုံးစွဲသည့်အပြင် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်ကပ်ဘေးတွင်လည်း ထုတ်ယူသုံးစွဲကြောင်း ရ/သုံးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေလင်းထက်က ဆိုသည်။

“အခုကိုဗစ်မှာ အဲဒါတွေသုံးတာတွေ ပါတယ်” ဟု ဦးနေလင်းထက်က ပြောသည်။

ယခင်ဘဏ္ဍာနှစ်က ထုတ်ဝေသည့် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက် အလက်စာစောင်တွင် အရေးပေါ်ရန်ပုံ ငွေအတွက် ကျပ်သိန်းပေါင်း ၁၀ဝ၀ဝ သုံးစွဲရန် လျာထားသည်ဟု ဖော်ပြထားသည်။

ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်စာစောင်တွင် မဖော်ပြထားသော်လည်း ယခင်ဘဏ္ဍာနှစ်က လည်း ကျပ်သိန်း ၁၅၀ဝ၀ သုံးစွဲရန် လျာထားခဲ့ကြောင်း ဦးနေလင်းထက်က ဆိုသည်။

လက်ရှိဘဏ္ဍာနှစ်တွင် တနင်္သာရီ တိုင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ၁၈၀ဝ၀ဝ(ကျပ်ဘီလီယံ ၁၈၀) ကျော် သုံးစွဲမည်ဖြစ်သည်။