ထိုင်းခိုးလမ်းကြောင့် ရော်ဘာဈေးကွက် မငြိမ်

0
219
ရော်ဘာ

ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းမှ တင်ပို့ ရောင်းချနေသဖြင့်‌ ရော်ဘာဈေးကွက် မတည်မငြိမ်မှုများနှင့် ဈေးနှုန်း အတက်အကျ အပြောင်းအလဲမြန်ဆန်မှုနှင့် ကြုံနေရသည်ဟု ထားဝယ်ခရိုင် ရော်ဘာပွဲရုံ လုပ်ငန်းရှင်အချို့က ပြောသည်။

ကိုယ့်နည်း ကိုယ့်ဟန်(တရားမဝင်)ဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရသည့် အခါများတွင် ရော်ဘာဈေး တက်လာပြီး ထိုင်းနယ်စပ်တွင် ရောင်းချ၍မရသည့် အချိန်များတွင် ရော်ဘာဈေးမှာ အပြောင်းအလဲဖြစ်ကာ ရုတ်တရက်ပြန်ကျသွားသည်ဟု ပွဲရုံလုပ်ငန်းများက ဆိုသည်။

ထိုင်းဈေးကွက်တွင် အရည်အသွေးမီ ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၁၂၀ဝ မှ ၁၃၀ဝ အထိ ပေါက်ဈေးရှိသဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမှုများကြောင့် ပြည်တွင်းရော်ဘာဈေးမှာ အတက်အကျမြန်ဆန်ပြီး ဈေးကွက်မတည်ငြိမ်မှုများနှင့် ကြုံနေရသည်ဟု ပွဲရုံလုပ်ငန်းရှင် အချို့က ပြောသည်။

ယခုနှစ်တွင် ရော်ဘာဈေးကွက် မတည်ငြိမ်မှုကြောင့်‌ အရောင်းအဝယ် ပြုလုပ်ရသည်မှာ အဆင်မပြေဟု ဆုဇော်ဝါ ရော်ဘာပွဲရုံပိုင်ရှင် မနန်းသန္တာဝင်းက ပြောသည်။

“ဒီနှစ် လုပ်ရပင်ပန်းတာကလေ ဈေးက လုံးဝ မငြိမ်ဘဲဖြစ်နေတယ်” မနန်းသန္တာဝင်းက ဆိုသည်။

ထိုင်းဈေးကွက်ရှိနေသဖြင့် ဒေသ တွင်းရော်ဘာဈေး လိုက်မြင့်လာပြီး ဝယ်ယူဈေးနှင့် ရန်ကုန်ဈေးကွက်သို့ ပြန်ရောင်းသည့်ဈေး ကွာဟမှုများဖြစ် နေသဖြင့် အရောင်းအဝယ်ပြုလုပ်ရာတွင် ဈေးကွက်မငြိမ်မှုကြောင့် အခက်အခဲ ဖြစ်စေသည်ဟု ၎င်းက ပြောသည်။

ရော်ဘာဈေးကွက်

ထိုင်းနိုင်ငံတွင် ရော်ဘာဈေး ကောင်းသဖြင့် ကော့သောင်း ရနောင်းလမ်းမှ ထိုင်းနိုင်ငံသို့ (တရားမဝင်) တင်ပို့ရောင်းချနေသူများလည်းရှိပြီး မော်လ မြိုင်၊ သံဖြူဇရပ်လမ်းမှလည်း ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေသူများလည်း ရှိသည်ဟု ပွဲရုံလုပ်ငန်းရှင်နှင့် ရော်ဘာခြံရှင် အချို့က ပြောသည်။

ဒီဇင်ဘာလ တတိယအပတ်ခန့်က ထားဝယ်တွင် အရည်အသွေးမီရော်ဘာ တစ်ပေါင်လျှင် ၈၅၀ ကျပ်အထိ ဈေးကောင်းရသော်လည်း ကော့သောင်းတွင်မူ ၉၀ဝ ကျပ်နီးပါးအထိ ရောက်သွားသည့်အခါများ ရှိသည်ဟု ပွဲရုံလုပ်ငန်းရှင်အချို့က ပြောသည်။

ထိုင်းဈေးကွက်ကြောင့် ကော့သောင်း ရော်ဘာဈေးမှာ ထားဝယ်နှင့် ကွာဟနေသည်။

ဒီဇင်ဘာ နောက်ဆုံးပတ်တွင်မူ ကိုဗစ်ကြောင့် ထိုင်း-မြန်မာ နယ်စပ်လမ်း များ ပြန်ပိတ်လိုက်ခြင်းနှင့် ခရစ္စမတ်ကာ လ၊ နှစ်သစ်ကူးကာလ၊ လွတ်လပ်ရေးနေ့ စသည့် ပွဲတော်ရက်များနှင့် ရုံးပိတ်ရက် များကြောင့် ပွဲရုံများပိတ်ထားသဖြင့် ရော်ဘာဈေးပြန်ကျသွားသည်ဟု ထားဝယ်မြို့ ၄ လမ်းရှိ ရော်ဘာပွဲရုံပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

အောက်တိုဘာ နောက်ဆုံးအပတ်တွင်လည်း ထိုင်းဈေးကွက်ကြောင့် ထားဝယ်တွင် ရော်ဘာ နေလှန်းပြား (အလွတ်ပြား) တစ်ပေါင်လျှင် ၇၅၀ ကျပ်ခန့်မှ ၉၅၀ ကျပ်ခန့်အထိ ဈေးအတက် ကြမ်းခဲ့ဖူးသည်။

ထားဝယ်၊ ကော့သောင်း၊ မြိတ်ရှိ ရော်ဘာများကို ထိုင်းလမ်းမှတဆင့် တင်ပို့ရောင်းချနေသူများရှိသဖြင့် ဒေသတွင်းရှိ ရော်ဘာဈေးလိုက်မြင့်လာပြီး ထိုင်းသို့တင်ပို့မရတော့ပါက ဈေးပြန်ကျသွားသည်ဟု ပွဲရုံလုပ်ငန်း ရှင်အချို့က ပြောသည်။