အဆိုနှင့် မေးခွန်ပေါင်း ၁၀ဝ ကျော် တိုင်းအစိုးရက အကောင်ထည်ဖော်ရန်ကျန်

0
142
တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေး

တနင်္သာရီတိုင်းအစိုးရသည် တိုင်းလွှတ်တော်တွင် ကတိ၊ ကဝတ်သက် ရောက်ခဲ့ပြီး ဆောင်ရွက်ရန်ကျန်နေသည့် အဆိုနှင့် မေးခွန်း စုစုပေါင်း ၁၂၀ ခုရှိသေးကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ပြောသည်။

ဒီဇင်ဘာလ ၂၂ ရက်က ကျင်းပသည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

NLD အစိုးရ စတင်တာဝန်ယူသည့် အချိန်မှစပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ လအထိ တိုင်းလွှတ်တော်ကို ၁၇ ခေါ်ယူ ကျင်းပခဲ့သည်။

ယင်းလွှတ်တော် ၁၇ ကြိမ်တွင် လွှတ်တော်ကိုယ်စားလှယ်များက အဆိုနှင့် မေးခွန်းလေးရာကျော် (၄၃၇ ခု) ကို မေးမြန်းခဲ့ပြီး ကတိ၊ ကဝတ်သက်ရောက်သည့် အဆိုနှင့် မေးခွန်းပေါင်း ၂၅၀ ရှိခဲ့သည်။

ယင်းတို့အနက် ၁၂၀ ခုမှာ တိုင်းအစိုးရ က ဆောင်ရွက်ပေးရန် ကျန်နေသေးခြင်း ဖြစ်သည်။

ကျန်နေသည့် အဆိုနှင့် မေးခွန်းများထဲတွင် တိုင်းအစိုးအနေဖြင့် စီမံခန့်ခွဲ သည့်နည်းလမ်းဖြင့် ဆောင်ရွက်ရမည့် ကိစ္စများ၊ ရန်ပုံငွေရရှိမှဆောင်ရွက်ရမည့် ကိစ္စများပါဝင်သည်။ စီမံခန့်ခွဲရေးနည်းဖြင့် ဖြေရှင်းရမည့် အဆို ကိုးခု၊ မေးခွန်း ၄၈ ခု စုစုပေါင်း ၅၇ ခုကျန်နေသေးသည်။

စီမံခန့်ခွဲရေးနည်းဖြင့် ဖြေရှင်းရမည့်ကိစ္စများကို ယခုလက်ကျန်အစိုးရ သက်တမ်း လေးလတာကာလအတွင်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင် ရွက်ပေးရန် မေးခွန်းရှင် ဒေါက်တာထူးနေ အောင်က တိုင်တွန်းခဲ့သည်။

“စီမံခန့်ခွဲရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ့်ဟာတွေက ပြည်ထောင်စုကို လမ်း ညွှန်ချက်ယူရမယ့်ဟာကလွဲပြီးတော့ ကျန်တဲ့ဟာတွေက တိုင်းအစိုးရကနေပြီး အမြန်ဆုံးဆောင်ရွက်ပေးဖို့ရတဲ့ဟာတွေ ပေါ့နော်။ တချို့ဟာတွေက စီမံခန့်ခွဲမှု အားနည်းလို့သာ ကတိ၊ ကဝတ်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိတာ” ဟု ဒေါက်တာထူးနေအောင်က ဆိုသည်။

ယင်းအပြင် အခြားကျန်နေသေးသည့် အဆိုနှင့်မေးခွန်းများကိုလည်း ယခု အစိုးရသက်တမ်းအတွင်း ဆောင်ရွက်နိုင်ခြင်းမရှိတော့ပါက လာမည့် အစိုးရသစ် လက်ထက်တွင် ဆက်လက်အကောင် ထည်ဖော်ပေးရန် ဒေါက်တာထူးနေအောင် က လွှတ်တော်မှတစ်ဆင့် မေးခွန်းမေးပြီး တောင်းဆိုခဲ့သည်။

ဒေါက်တာထူးနေအောင်၏ မေးခွန်းကို ဖြေကြားခဲ့သော တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို ကမူ လက်ရှိအချိန်အထိ အကောင်ထည် ဖော်နိုင်ခြင်းမရှိသေးသော အဆိုနှင့် မေးခွန်းများကို အစိုးရသစ်လက်ထက်တွင် ဆက်လက်ကောင်ထည်ဖော်ပေးမည်ဟု ဖြေဆိုခဲ့သည်။

စုစုပေါင်း အကောင်ထည်ဖော်ရန် ကျန်သည့် အဆိုနှင့်မေးခွန်း ၇၀ ခုသာ ကျန်တော့သည်ဟု ဒေါ်ရီရီချိုက ဆိုသည်။

ယင်းအပြင် စီမံခန့်ခွဲမူနည်းလမ်းဖြင့် ဆောင်ရွက်ရမည့် အဆိုနှင့် မေးခွန်း ၁၂ ခုကို ယခုအစိုးရလက်ထက် လေးလ တာကာလအတွင်း ပြီးစီးအောင်ဆောင် ရွက်ပေးမည်ဟု လွှတ်တော်တွင် ကတိပေးခဲ့သည်။ ကျန်သည်များကို အစိုးရသစ် လက်ထက် ဆက်လက်အကောင်ထည် ဖော်ဆောင်ရွက်ပေးမည်ဟု ၎င်းက ဆိုသည်။

မည်သည့်အဆိုနှင့် မေးခွန်းများကို ဆောင်ရွက်ရန်ကျန်နေသည်၊ မည်သည့် အဆိုနှင့်မေးခွန်းများမှာ ဆောင်ရွက်ပြီးစီးနေပြီ စသည့်အသေးစိတ်ကိုမူ လွှတ်တော်တွင် ထည့်သွင်းဖြေဆိုခဲ့ခြင်း မရှိပေ။

ကျော်သူစိုး