လေယာဉ်ဖြင့် ခရီးသွားမည့်သူ အားလုံးတွင် ကိုဗစ်မတွေ့

0
211
Dawei Watch, Dawei News, Dawei News Media

ထားဝယ်နှင့် ကော့သောင်းမှ အခြား တိုင်းနှင့် ပြည်နယ်များသို့ လေယာဉ်စီး ခရီးသွားမည့်သူ ရှစ်ဆယ်ခန့်ကို ကိုဗစ်- ၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးခဲ့ရာ စစ်ဆေးသူအားလုံး ရောဂါပိုးမရှိကြောင်း ထားဝယ် ခရိုင်နှင့် ကော့သောင်းခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် လေယာဉ်ဖြင့် ခရီးသွားမည့်သူ ၄၀ ဦး၊ ကော့သောင်း ခရိုင်တွင် ၄၀ ဦးကို ခရိုင်ပြည်သူ့ကျန်း မာရေးဦးစီးဌာနများတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခဲ့ခြင်းဖြစ်သည်ဟု အထက်ပါဌာနများမှ သိရ သည်။

လေယာဉ်ဖြင့် ခရီးသွားမည့်သူများသည် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို RDT စနစ်(နာရီဝက်အတွင်း ဓာတ်ခွဲ အဖြေထွက်သည့်စနစ်)ဖြင့် စစ်ဆေးရမည်ဖြစ်ပြီး စစ်ဆေးခအဖြစ် ငွေကျပ် တစ်သောင်းကို မိမိစရိတ်ဖြင့် ပေးဆောင် ရမည်ဖြစ်သည်။

ပြည်တွင်း ပုံမှန်လေကြောင်းလိုင်းဖြင့် ခရီးသွားမည့်သူများသည် ၃၆ နာရီ အတွင်း စစ်ဆေးထားသည့် ကိုဗစ် ကင်းရှင်းကြောင်း ဆေးစစ်ချက် ထောက်ခံစာပါမှသာ လေယာဉ်ပေါ်တက်ရောက်နိုင်မည် ဖြစ်သည်။

ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားလာသဖြင့် ရပ်နားထားသည့် လေကြောင်းလိုင်း များကို ဒီဇင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ လိုက်နာဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ကျန်းမာရေး စံသတ်မှတ်ချက်များနှင့်အညီ ပျံသန်းပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်သည်။

တနင်္သာရီတိုင်းတွင် မြန်မာ့လေကြောင်းလိုင်းမှာ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး ကမ္ဘောဇ လေကြောင်းလိုင်းမှာ ၂၁ ရက်နေ့တွင် ပြေးဆွဲမည်ဖြစ်ကြောင်း ထားဝယ်မြို့တွင်းရှိ လေယာဉ်လက်မှတ်အရောင်းဌာန တစ်ခု ထံမှ သိရသည်။

ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြိတ်ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ကော့သောင်းခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လေယာဉ် လက်မှတ်ပြ၍ ကိုဗစ်ရောဂါ ရှိ/မရှိ စစ်ဆေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မိုးမြင့်