ထားဝယ်ဗုံးထောင်မှု လွှတ်တော် ကိုယ်စားလှယ်လောင်းအပါအဝင် သုံးဦးကို တရားစွဲ

0
153

ရွေးကောက်ပွဲအကြိုကာလတွင် ထားဝယ်မြို့အတွင်း ဗုံးထောင်ခဲ့သူ အမျိုးသားသုံးဦးကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ထားဝယ်ခရိုင်တရားရုံးတွင် တရားစွဲတင်ခဲ့သည်။

ဗုံးထောင်သူဟုဆိုသည့် လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာနေ အသက် ၂၈ နှစ်အရွယ် အမျိုးသား အပါအဝင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ကျွန်းလှမြို့နယ်နေ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးတို့ ကို ရဲတပ်ဖွဲ့က တရားစွဲတင်ခဲ့သည်။

အထက်ပါ အမျိုးသားသုံးဦးကို ထားဝယ်ခရိုင်တရားရုံးက ပေါက်ကွဲစေတတ်သော ပစ္စည်းများအက်ဥပဒေပုဒ်မ များဖြင့်အမှု သုံးခုကို ရာဇဝတ်ကြီးမှု အမှတ်- ၁၈၁/၂၀၂၀၊ ၁၈၂/၂၀၂၀၊ ၁၈၃/ ၂၀၂၀ တို့ဖြင့် လက်ခံလိုက်ခြင်းဖြစ်သည်။

ထားဝယ်ဗုံးထောင်သူကို တရားစွဲတင်ရေး သမ္မတရုံးထံ ခွင့်ပြုချက် တောင်းခံထား

လက်ရှိတွင် စစ်ကိုင်းတိုင်း ကျွန်းလှ မြို့နယ်နေ အသက် ၄၁ နှစ်အရွယ်ရှိ ဦးထိန်လင်းမှာ ထွက်ပြေးနေသဖြင့် ဖမ်းဝရမ်းထုတ်ရမည်ဖြစ်ကြောင်း ခရိုင် တရားသူကြီးက ဆိုသည်။ ၎င်းမှာ ပြီးခဲ့ သည့်ရွေးကောက်ပွဲတွင် ကျွန်းလှမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ပြိုင်သည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ် စားလှယ်လောင်းဖြစ်သည်။

“တရားခံပြေးအမှုကို အရင်ဆောင် ရွက်ရမှာ။ တရားခံပြေးမှုပါတဲ့အမှုတွေက တရားခံပြေးအမှုကို ဆောင်ရွက်ရတယ်။ ဖမ်းဝရမ်း သူ့ကို ထုတ်မယ်” ဟု ခရိုင် တရားသူကြီးက ပြောသည်။

နောက်ရုံးချိန်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားပြီး ကိုဗစ်ကပ်ဘေးထိန်းချုပ်ကာလဖြစ်နေသည့်အတွက် အမှုမစစ်ဆေးဘဲ ရမန် (ချုပ်ခွင့်) ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထိန်လင်းမှာ ၂၀၂၀ ခုနှစ် မတ်လအတွင်း ထားဝယ်မြို့သို့ ရောက်ရှိလာပြီး သဘော့ဆိပ်ကျေးရွာနေ ဗုံးထောင်သူ အမျိုးသားနှင့် ချိတ်ဆက်တွေ့ဆုံခဲ့သည် ဟု သိရသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာနေ အသက် ၂၈ နှစ် အရွယ် အမျိုးသားက ကိုယ်တိုင်လုပ်ဗုံး အနည်းဆုံး ဗုံးသုံးလုံးကို ထောင်ခဲ့ခြင်း ဖြစ်သည်။

အဆင့်မြင့်ဖောက်ခွဲရေးသုံးပစ္စည်း ဖြစ်သည့် ဒီတိုနေတာ၊ ဖုန်းဟန်းဆက် များဖြင့် ချိတ်ဆက်အသက်သွင်းထားသည့် လက်လုပ်မိုင်း နှစ်လုံးထက်မနည်းအား ရဲတပ်ဖွဲ့နှင့် တပ်မတော်က အချိန်မီ ရှင်းလင်းနိုင်ခဲ့သည်။

သို့သော် မြောင်းပုလဲတံတားအနီးတွင် ထောင်ထားသည့် ဗုံးတစ်လုံးမှာမူ ပေါက်ကွဲခဲ့ပြီး လူသူထိခိုက်ခဲ့ခြင်းမရှိ ခဲ့ပေ။

ထို့နောက် ဗုံးထောင်ခဲ့သည့် လက်သည်တရားခံဟုဆိုသူသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို နိုဝင်ဘာလ ၆ ရက်နေ့က ၎င်းနေထိုင်ရာ လောင်းလုံးမြို့နယ်၊ ကျောက်ဆင် ကျေးရွာအုပ်စုတွင် ဖမ်းဆီးခဲ့သည်။

ဗုံးထောင်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း(ကီးပက်)မှတစ်ဆင့် ခြေရာခံပြီး အဆိုပါအမျိုးသားကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

၎င်း၏နေအိမ်တွင် ရှာဖွေရာ နောက်ထပ်လက်လုပ်မိုင်းများ၊ မိုင်းလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း အများအပြားကိုလည်း တွေ့ရှိခဲ့သည်။

ထိုအမျိုးသားကို စစ်ဆေးရာမှ တစ်ဆင့် ပူးပေါင်းပါဝင်သည်ဆိုသည့် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်နေ အခြားအမျိုးသားတစ်ဦးကိုလည်း ထပ်မံဖမ်းဆီးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထိန်လင်းမှာ နိုဝင်ဘာလ ၈ ရက်နေ့၊ မနက် ၁၀ ခန့်ကတည်းက အဆက်အသွယ် မရတော့ကြောင်း ၎င်း၏ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးတင်သိန်းက တနင်္သာရီအပတ်စဉ်ကို ပြောဆိုထားသည်။

ဦးထိန်လင်းသည် သီရိမြင့်မြတ် ကုမ္ပဏီနှင့် သီရိမြင့်မြတ် စိုက်ပျိုးရေး ကုမ္ပဏီတို့တွင် ဒါရိုက်တာ တာဝန်ယူထားပြီး Asia Dynasty International Services ကုမ္ပဏီတွင် Advisor (အကြံ ပေး) အဖြစ် လုပ်ကိုင်နေကြောင်း ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာမှ တစ်ဆင့် မဲဆွယ်ရာတွင် ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံရှေးဟောင်း သုတေသနအသင်းတွင် အကြံပေး၊ ပျူ မြို့များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွင် ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့ဝင်၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွင် အမှုဆောင်ကော်မတီအဖွဲ့ဝင်အဖြစ် ရှေးဟောင်းသုတေသနပညာရပ်ဆိုင်ရာ သုတေသတစ်ဦးဖြစ်သည်ဟု ဖော်ပြထားသည်။

ယင်းအပြင် Boat People (လှေစီး ဒုက္ခသည်) အရေး ဆန္ဒထုတ်ဖော်ပွဲ၊ တပ်မတော်ထောက်ခံပွဲ အစရှိသည့် အမျိုးသားရေးပွဲများတွင် ဦးဆောင်သူ တစ်ဦးအဖြစ် ပါဝင်ဟောပြောခဲ့ပြီး အမျိုးသားရေးလှုပ်ရှားမှုများနှင့် အမျိုးသားရေးဆိုင်ရာ နိုင်ငံရေးဟောပြောပွဲ ဆွေးနွေးပွဲများတွင် ပါဝင်လေ့ရှိသည်ဟု ရေးသားထားသည်။

ယင်းအမှုနှင့်ပတ်သက်၍ တရားစွဲ ဆိုချိန်အထိ ရဲတပ်ဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိပေ။