ကမ်းခြေလည်ပတ်ခွင့်အပါအဝင် ကိုဗစ်ကန့်သတ်ချက်များ မဖြေလျော့သေး

0
180
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းဒေသကြီး ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတ်မှတ်ထားသည့် ကမ်းခြေလည်ပတ်ခွင့် အပါအဝင် ကိုဗစ်ကန့်သတ်ချက်များကို မဖြေလျှော့သေးကြောင်း ယင်းကော်မတီထံမှ သိရ သည်။

ယခင်က ထုတ်ပြန်ထားသည့် စည်းမျဉ်းကန့်သတ်ချက်များမှာ အသက်ဝင်နေဆဲဖြစ်ပြီး သတ်မှတ် ချက်ပြည့်မီသည့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်မှများမှအပ အခြားကန့် သတ်ချက်များဖြေလျော့ပေးခြင်း မရှိသေးကြောင်း အထက်ပါ ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျ က ပြောကြားသည်။

ကမ်းခြေလည်ပတ်ခွင့်
လက်ရှိတွင် ဒေသခံများက ကမ်းခြေများသို့ သွားရောက်လည်ပတ် နေကြပြီ ဖြစ်သည်။

သို့သော် ကမ်းခြေလည်ပတ်ခွင့်ပိတ်ထားခြင်းမှာ မပယ်ဖျက်သေးကြောင်း အထက်ပါ ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

ဥပမာအနေဖြင့် မောင်းမကန်ကမ်းခြေသို့ သွားရောက်လည်ပတ်သူများရှိနေ ကြောင်း ဖေ့ဘုတ်လူမှုကွန်ရက်ပေါ်တွင် မြင်တွေ့နေရသည်ဟု ၎င်းက ပြော သည်။

ထိုကြောင့် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ပြန်လည် တင်းကျပ်ရန် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ညွှန်ကြားထားကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

“ခွင့်ပြုတယ်ဆိုရင် ကျွန်တော်တို့ ကြေညာပေးလိမ့်မယ်။ မကြေညာသေးဘူးဆိုရင် နဂိုအတိုင်း အတည်ပဲဖြစ်တယ်ဆိုတာ သတ်မှတ်ရမယ်” ဟု ၎င်း က ပြောသည်။

လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် ဖွင့်ခွင့်ပြု
ကျန်းမာရေးဌာနနှင့် စည်ပင်သာ ယာရေးအဖွဲ့က သတ်မှတ်ထားသည့် အချက်နှင့် ကိုက်ညီသည့် စားသောက် ဆိုင်များကို ပြန်လည်ဖွင့်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များကို A ၊ B ၊ C ဟူ၍ အဆင့်သုံးခု သတ်မှတ်ထားပြီး ကိုဗစ်ကာကွယ်ရေး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် A အဆင့်ရှိ ဆိုင်များကို ဖွင့်ခွင့်ပြုလိုက် ခြင်းဖြစ်သည်။

ကိုဗစ်ကာကွယ်ရေး B နှင့် C အဆင့်သာရှိသည့် ဆိုင်များခိုးဖွင့်နေပါက အရေးယူမည်ဖြစ်ကြောင်း ဗိုလ်မှူး ကြီးကျော်ဇေယျက ဆိုသည်။

“A အဆင့်မရဘဲနဲ့ ခိုးဖွင့်နေတာ မျိုးရှိရင် ကျွန်တော်တို့ကို သတင်းပေး ပေးပါ။ ပြည်သူကပြောမှပဲ ကျွန်တော်တို့က သိမယ်။ ကျွန်တော်တို့ကတော့ နားလည်မှုနဲ့ ခွင့်ပြုပေးတာမျိုးတော့ လုံးဝမရှိပါဘူး” ဟု ၎င်းက ပြောသည်။

ကိုဗစ်စစ်နိုင်မည့် ဓာတ်ခွဲခန်းအတွက် ကြိုတင်ပြင်ဆင်မှု
ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ် စစ်ဆေးနိုင်မည့်စက်အကြီး တပ်ဆင်မည့် တိုင်းနှင့်ပြည်နယ် လေးခုကို လျာထားရာတွင် တနင်္သာရီတိုင်းလည်း ပါဝင်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျ က ဆိုသည်။

ထို့ကြောင့် ကိုဗစ်စစ်ဆေးစက်ကြီး ထားနိုင်မည့် အဆောက်အအုံနေရာကို ထားဝယ်ဆေးရုံကြီးအနောက်ဘက် (သူနာပြုသင်တန်းကျောင်းအနီး) တွင် လျာထားကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ဓာတ်ခွဲနမူနာများပါက မော်လမြိုင်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးနေရသည့်အတွက် အချိန်ကြန့်ကြာနေမှုများ ရှိနေသည်။

ခွင့်ပြုချက်မရှိဘဲ တိုင်းအတွင်း မလာရ
လက်ရှိတွင် အခြားတိုင်းနှင့် ပြည်နယ်များမှ အအေးခန်းလုပ်သားများ၊ စိုက်ပျိုးရေးလုပ်သားများက တိုင်းအတွင်း တရားမဝင် ဝင်ရောက်နေ ကြသည်။

ထိုသို့ ခွင့်ပြုချက်မရှိဘဲ ဝင်လာပါ က ကုမ္ပဏီပိုင်ရှင် သို့မဟုတ် လုပ်ငန်းရှင်ကို သဘာဝဘေးအန္တရာယ် စီမံခန့် ခွဲမှုဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း တိုင်းကိုဗစ်ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

“ကိုဗစ်ပိုးသည် ဘယ်သူ့မှာမဆို ကူးနိုင်တယ်။ ဒါကြောင့် ကိုဗစ်ပိုးနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ဥပဒေတွေ တစ်ခုမှမလျော့ဘူး” ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ စာရင်းအရ တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ ၅၇၆ ဦးရှိပြီး သုံးဦးသေဆုံးခဲ့ပြီဖြစ်သည်။ ယင်းနေ့အထိ စာရင်းအရ ဆေးရုံတွင် ကုသဆဲလူနာ ၈၇ ဦးရှိပြီး ကျန်သူများမှာ သက်သာ ပျောက်ကင်းသွားပြီဖြစ်သည်။