ခရီးသွားလုပ်ငန်းများကို ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပြန်စရန်ပြင်

0
465
Dawei Watch, Dawei News, Dawei News Media

ရပ်နားထားရသည့် ခရီးသွားလုပ်ငန်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ပြန်စရန်ပြင်ဆင်နေသည်ဟု တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ခရီးသွားလာရေးပြန်စရန်အတွက် ခရီးသွားကုမ္ပဏီနှင့် ယာဉ်မောင်း၊ လှေမောင်း၊ (Guide) ဧည့်လမ်းညွှန် ၂၀ ဦးခန့်ကို ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး နှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ဆရာဖြစ် သင်တန်းများ ပို့ချကာ ပြင်ဆင်နေသည်ဟု အထက်ပါဌာနမှ တိုင်းဦးစီးမှူးက ဦးဝင်းသိန်းက ပြောသည်။

ဆရာဖြစ်သင်တန်းပို့ချပြီးပါက တိုင်းအတွင်း ခရီးသွားလုပ်ငန်းရှိ လူဦးရေ ၁၅၀ ခန့်ကို ခရိုင်အလိုက် သင်တန်းများ ပြန်လည်ပို့ချမည်ဖြစ်သည်ဟု ဦးဝင်းသိန်းက ပြောသည်။

အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseeing Flights Tour)၊ မြစ်တွင်း သင်္ဘောခရီးစဉ် (River Cruise Tour)၊ ကုန်းတွင်းယာဉ်တန်းနှင့် အဏ္ဏဝါ ခရီးသွားလုပ်ငန်း(Carav an Tour)များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနတို့၏ စံသတ်မှတ် ထားချက်များအပေါ်မူတည်၍ ဆောင်ရွက်ရန် လျာထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သိရသည်။

အဆိုပါ ခရီးစဉ်များကို ဒီဇင်ဘာလ ဆန်းမှ စတင်အကောင်အထည်ဖော် မည်ဖြစ်သဖြင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း များအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန်နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။

ခရီးစဉ်များကို လှည့်လည်ရာတွင် မိမိထွက်လာသည့် နေရာမှ လည်ပတ် မည့် နေရာများကို အသုံးပြုမည့် ယာဉ်အမျိုးအစားအလိုက် လှည့်လည်ကြည့် ရှုပြီး အခြားနေရာများသို့ ဝင်ထွက်ခြင်း မပြုဘဲ ထွက်ခွာခဲ့သည့်နေရာတွင်ပင် ပြန်လည်ဝင်ရမည်ဖြစ်သည်ဟု ဦးဝင်းသိန်း က ပြောသည်။

အထက်ပါ ခရီးစဉ်လေးခုကို တိုင်းနှင့် ပြည်နယ်အားလုံးတွင် ပြုလုပ်၊ မလုပ် ဆိုသည်ကိုမူ အတိအကျ မသိရသေးဟု ၎င်းက ပြောသည်။

ဒေသတစ်ခုနှင့် တစ်ခု မတူညီနိုင်ဘဲ ကိုဗစ်-၁၉ ဖြစ်ပွားသည့် အခြေနေပေါ် မူတည်ကာ ခရီးစဉ်များကို‌ ဖော်ဆောင်မည်ဟု ဦးဝင်းသိန်းက ခန့်မှန်းပြောဆိုသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပိုမို ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စွန့်စားအားကစား ခရီးသွားလုပ်ငန်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ စိုက် ပျိုးရေးအခြေခံခရီးသွားလုပ်ငန်း၊ မြစ်တွင်းနှင့် မီးရထားအပျော်စီးခရီးသွားလုပ်ငန်း၊ ကုန်းတွင်း ယာဉ်တန်းနှင့် အဏ္ဏဝါ ခရီးသွားလုပ်ငန်း၊ MICE ခရီးသွားလုပ်ငန်းတို့ကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိသည်ဟု ဝန်ကြီးဌာနမှ သိရ သည်။

လက်ရှိတွင် ကိုဗစ်ကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်းအားလုံး ရပ်တန့်နေပြီး တိုင်းနှင့် ပြည်နယ်ခရီးသွားခြင်း ကိစ္စများကိုလည်း ကန့်သတ်ထားသည်။

မိုးမြင့်