ရာသီအဖွင့် ဈေးကောင်းရသော်လည်း အလုပ်သမား အခက်အခဲနှင့် ရင်ဆိုင်နေရသည့် အုတ်ဖိုလုပ်ငန်းများ

0
261
အုတ်ဖိုလုပ်ငန်း

ကိုဗစ်ကာလထဲမှာ ဖြစ်နေသော်လည်း ဈေးကွက်စအဖွင့်တွင် ထားဝယ်ရှိ အုတ်ဈေးနှုန်းသည် ယမန်နှစ်က ဈေးအနည်းငယ်ပိုရနေသော်လည်း လိုသလောက် အုတ်ထုတ်လုပ်နိုင်ရန်အတွက် အလုပ်သမား အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

ကိုဗစ်ကြောင့် ခရီးသွားလာရေးများကို ကန့်သတ်ထားရာ တိုင်းပြင်ပမှ အုတ်ဖုတ်အလုပ်သမားများအား တိုင်းအတွင်း ခေါ်လာရန်အခက်အခဲရှိနေ ကြခြင်း ဖြစ်သည်။

ယင်းအတွက်ကြောင့် လစ်လပ်နေသော အလုပ်သမားများနေရာတွင် ဒေသခံ အလုပ်သမားများကို အားကိုးပြီး လုပ်ကိုင် နေကြရသည်။

ထားဝယ်နှင့်လောင်းလုံး မြို့နယ်ရှိ အုတ်လုပ်ငန်းလေးခုကို သွားရောက် လေ့လာခဲ့ရာ လုပ်ငန်းခွင်ထဲတွင် ဒေသခံ အလုပ်သမားများဖြင့် လုပ်ငန်း လည်ပတ်နေကြပြီး အချို့အုတ်လုပ်ငန်းခွင်တွင် အခြေခံကျောင်းသားများပါ ဝင် ရောက်လုပ်ကိုင်နေသည်ကို တွေ့ခဲ့ရသည်။

လောင်းလုံးမြို့နယ်က အုတ်လုပ်ငန်းတစ်ခုတွင် အလုပ်သမား ၅၀ ဆယ် ကျော်အနက် သုံးပုံတစ်ပုံခန့်မှာ အလယ်တန်းမှ မူလတန်းအရွယ်အထိ ကျောင်းသူ၊ ကျောင်းသားများ အလုပ်လုပ်နေကြပြီး ထားဝယ်မြို့နယ်မှ အုတ်လုပ်ငန်းတစ်ခုတွင်မူ ကျောင်းသား သုံးဦးကို တွေ့ခဲ့ရသည်။

“ကျောင်းမဖွင့်သေးဘူးဆိုတော့ ပိုက်ဆံရအောင်ဝင်လုပ်နေတာပါရှင်။ ပိုက်ဆံရရင် အမေ့ကို ပေးတယ်ရှင်” ဟု လောင်းလုံး အုတ်လုပ်ငန်းခွင်က အဋ္ဌမ တန်းကျောင်းသူတစ်ဦးက ဆိုသည်။

အလုပ်သမားရှားပါးမူကြောင့် အုတ်လုပ်ငန်း လေးပုံတစ်ခန့် ရပ်နားထားကြရကြောင်း အုတ်လုပ်ငန်းရှင်အချို့က ပြောသည်။

ယမန်နှစ်က အုတ်လက်ကျန်များ မရှိတော့ခြင်း၊ ဒေသတွင်း အုတ်လုပ်ကိုင် သူနည်းလာခြင်းကြောင့် အိမ်အရောက်ပို့ အုတ်တစ်လုံးလျှင် ယမန်နှစ်ကထက် ငါးကျပ်ခန့် ဈေးတက်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ယမန်နှစ် အုတ်ဈေးကွက်ရာသီ အဖွင့်တွင် အုတ်တစ်လုံးလျှင် ကျပ် ၅၀ မှ ၆၀ အကြားတွင်ရှိပြီး ယခုနှစ်တွင် ငါးကျပ်ခန့်ဈေးတက်နေကြောင်း ၎င်းတို့က ပြောသည်။

“အထက်က အလုပ်သမားတွေ ဆင်းလာလို့မရလို့ အခုအနေအထားမှာ လုပ်လို့မရတဲ့ အုတ်ဖိုတွေများနေတယ်။ ကျွမ်းကျင်တဲ့သူမရှိဘူးဆိုတော့ အခက် အခဲကတော့ရှိတာပေါ့” ဟု လောင်းလုံး မြို့နယ်က အုတ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အုတ်လုပ်ငန်းရှင်အချို့သည် ကိုဗစ်ကာလအတွင်း တိုင်းပြင်ပမှ အလုပ်သမားများကို ခေါ်သွင်းလာမှုများ ရှိသဖြင့် ဒေသခံရွာသားများနှင့် ပဋိပက္ခဖြစ်သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားလျက်ရှိသည်။

ကျော်သူစိုး