မြိတ်တွင် ထပ်မံတည်ဆောက်မည့် ငါးလေလံဈေး လူထုဝေဖန်မှုမြင့်

0
314
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့တွင် ထပ်မံတည်ဆောက်မည့် ငါးလေလံဈေးနှင့်ပတ်သက်ပြီး ဒေသခံများ၏ဝေဖန်မှုများ ကြီးကြီး မားမားရှိနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့က မြိတ်အများပိုင်ကုမ္ပဏီတာဝန်ရှိသူများနှင့် တိုင်းအစိုးရအဖွဲ့တို့တွေ့ဆုံခဲ့ကြပြီး မြိတ်မြို့၊ ကျွဲကူးကျေးရွာအုပ်စုအတွင်း ငါးလေလံဈေး တစ်ခု အကောင်အထည်ဖော်ရေးနှင့် စက်မှုဇုန်တည်ဆောက်ရေး ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ဒေသခံများ၏ မကျေနပ်သည့် ဝေဖန် တုံ့ပြန်မှုများ လူမှုကွန်ရက်ပေါ်တွင် ပလူပျံခဲ့သလို မြေပြင်၌လည်းပြော ဆိုဝေဖန်မှုများ ရှိခဲ့သည်။

မြိတ်မြို့တွင်ရှိပြီးသား အပြည်ပြည်ဆိုင်ရာငါးလေလံဈေးကို တိုင်းအစိုးရသည် ငါးနှစ်လုံးလုံး ဥပေက္ခာပြုခဲ့ပြီး အစိုးရသက်တမ်းကုန်သည့် အချိန်မှ အသစ်ထပ်လုပ်မည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်းကို တရားမျှတမှု မရှိ၊ ဘက်လိုက်သည်ဟုဆိုကာ ဒေသခံများမှ ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။

“အဟောင်းကို ပစ်ပယ်ပြီးတော့ အသစ်ကိုကျတော့ Proposal (အဆိုပြုလွှာ)တင်တာ နားထောင်ပေးတယ်။ လေလံနှစ်ခုကို အကူအညီပေးတဲ့နေရာမှာ မျှတမှုမရှိဘူးလို့မြင်တယ်” ဟု မြိတ်ဒေသခံ ကိုထွန်းထွန်းဦးက ပြောသည်။

အသစ်ထပ်လုပ်မည့် ငါးလေလံ ဈေးကို အမေရိကန်ဒေါ်လာသန်း ၃၀ဝ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် တိုင်းအစိုးရအဖွဲ့သို့ တင်ပြထားသည်။

စီမံကိန်းမြေနေရာကို ဧက ၂၀ဝ၀ ကျော် လျာထားပြီး ငါးလေလံဈေးနှင့် စက်မှုဇုန် တစ်ဆက်တည်း လုပ်ဆောင်သွားမည်ဟု မြိတ်အများပိုင်ကုမ္ပဏီတာ ဝန်ရှိသူက ပြောဆိုထားသည်။

လုပ်ခွင့်ရလျှင် ကုန်ကြမ်းမှ ကုန်ချောအထိ ထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး မောတောင်လမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့သွားနိုင်မည်ဖြစ်ကာ ပြည်ထောင်စုမှခွင့်ပြုချက်ရလျှင် လုပ်ငန်းအား အမြန်ဆုံး အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း မြိတ်အများပိုင်ဥက္ကဋ္ဌ ဦးလှသန်း ကဆိုသည်။

မြိတ်ဒေသခံဦးဝင်းအောင်ကမူ စီမံကိန်းများဝင်ရောက်လာမှုအပေါ် ယေဘုယျအားဖြင့် ကြိုဆိုပြီး လုပ်ကိုင် ဆောင်ရွက်သည့်နေရာတွင် ခွင့်တူညီမျှမှု ရှိစေချင်ကြောင်း ပြောဆိုသည်။

ယခင်ရှိပြီးသားငါးလေလံဈေးကို လည်း ဥပဒေနှင့်အညီတိုင်းအစိုးရမှ အကူအညီပေးစေချင်ပြီး ယခုအသစ် ထပ်လုပ်မည့် နေရာသည် မြေပြင်အနေ အထားအရ ချပေးရန် သင့်၊ မသင့်ဆို သည်ကိုလည်း ဒေသခံတစ်ဦးအနေဖြင့် သိချင်ကြောင်း ပြောဆိုသည်။

“ဥပဒေမှာ တစ်မြို့တည်း ဒီလိုချ ပေးပိုင်ခွင့် ရှိသလားပေါ့။ အဲဒါလေး သိချင်တယ်” ဟု၎င်းကပြောသည်။

စီမံကိန်းများနှင့်ပတ်သက်ပြီး မြေယာကိစ္စလုပ်ကိုင်ဆောင်ရွက်ရာတွင် အောက်ခြေဒေသခံ အများအပြား ခံခဲ့ရဖူးပြီးဖြစ်သည့်အတွက် ဒေသခံ များနစ်နာမည်ကိုလည်း စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။

“အောက်ခြေကလူတွေ ကျေနပ်လက်ခံအောင် လုပ်တဲ့စီမံကိန်းမျိုးပဲ ဖြစ်စေချင်တယ်။ အစိုးရအနေနဲ့လည်း ဘယ်သူဘယ်ဝါမခွဲခြားဘဲ အချိုးညီညီနဲ့ လုပ်ပေးသွားဖို့တော့ လိုတာပေါ့” ဟု ဦးဝင်းအောင်က ပြောသည်။

ဒေါ်လာသန်း ၃၀ဝ ဖြင့်တည်ဆောက်မည့် ပမာဏသည် များလွန်းသည့်အတွက် ပြည်ထောင်စုအစိုးရထံ တင်ပြရမည့်အမျိုးအစားဖြစ်ပြီး ရှေ့ဆက် လုပ်ရမည့်အရာအများကြီး ရှိသေးသည် ဟု တနင်္သာရီတိုင်းအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးမြင့်မောင်ကလည်း ပြောဆိုထားသည်။

မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာငါးလေလံဈေးကြီးတစ်ခု လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ နီးပါး ကတည်းက ရှိနှင့်နေပြီးဖြစ်သည်။

ယင်းငါးလေလံဈေးသည် အမေရိကန် ဒေါ်လာ သန်း ၇၀ ရင်းနှီးမြှုပ်နှံခွင့်ကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံမှရရှိခဲ့ပြီး မြေပြင်တွင် အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် ၂၀ဝ၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ သို့သော် ထိုစဉ် ကဖြစ်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် ပြဿနာများကြောင့် ၂၀ဝ၃ ခုနှစ်တွင် လုပ်ငန်းရပ်နားခဲ့ရသည်။

ထိုနောက် ၂၀၁၆ ခုနှစ်တွင် မူလလလုပ်ငန်းများ ပြန်လည်ပတ်ရေး စိုင်းပြင်းခဲ့သော်လည်း ပြင်သစ်နိုင်ငံမှ လွှဲပို့မည့် ဒေါ်လာသန်း ၂၀ လွှဲပြောင်း ခွင့်ရရှိရေး ယနေ့အထိအခက်ကြုံ နေရသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

NLD အစိုးရတက်လာပြီး ၂၀၁၆ ခုနှစ်၊ မေလတွင် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ငါး လေလံကိစ္စအား အမြန်ဆုံး အကောင်အထည်ဖော်ရန် ပြောဆိုခဲ့သည်။ ယင်းနောက်ငါးလေလံပြန်လည် အကောင်အထည်ဖော်ခြင်း ကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။

သို့သော် ငါးလေလံဈေး၏ လုပ်ငန်းလုပ်ဖက်များဖြစ်သည့် အုပ်စု သုံးခုစလုံးကို ခေါ်ယူတွေ့ဆုံခြင်း၊ အချက်အလက်တောင်းခံခြင်း၊ မေးမြန်းခြင်း စသည်တို့ကို လက်တွေ့တွင် လုပ်ခဲ့ခြင်းမရှိဟု ငါးလေလံပြန်လည် အကောင်အထည်ဖော်ရေး တက်ကြွလှုပ်ရှားသည့် ကိုထွန်းထွန်းဦးက ပြော ပြသည်။

“အခုလုပ်မယ့်ဟာကိုတော့ အင်တိုက်အားတိုက် ကူညီနေတယ်လို့ မြင်တယ်။ အစိုးရအနေနဲ့ကတော့ ငဖြူ လုပ်လုပ်၊ ငမဲလုပ်လုပ် လုပ်တဲ့သူကို အကူအညီပေးရမယ်။ ဒါပေမဲ့ဥပဒေနဲ့ ညီဖို့တော့ လိုတယ်” ဟု ၎င်းက ဝေဖန်သည်။

NLD အစိုးရတက်လာပြီးနောက် ယခုသက်တမ်းကုန်ခါနီးအချိန်အထိ ငါးလေလံဈေးပိုင်ရှင်အပါအဝင် ဒေသခံများမှ ငါးဈေးပြန်ဖွင့်ရေး မျှော်လင့်ခဲ့ကြသလို လွှတ်တော်ကိုယ်စားလှယ် အချို့မှ လွှတ်တော်တွင် မေးခွန်းများမေး မြန်းခဲ့ကြသည်။

သို့သော် ပြင်သစ်နိုင်ငံမှ လွှဲပို့မည့် သန်း ၂၀ ရရှိရေးမှာ ယနေ့တိုင် ခွင့်ပြု ချက်မရရှိသေး။

သန်း ၂၀ ရလျှင်လတွင်းချင်း စတင် လည်ပတ်နိုင်ရန်လည်း စီစဉ်ထားပြီးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာငါးလေလံဈေး၏ အမှုဆောင်ဒါရိုက်တာ ဒေါ်ဌေးဌေးဝင်းက ပြောဆိုသည်။

ကိုဆန်း