အိမ်ငှားနေထိုင်နေရသည့် ဝန်ထမ်းများအတွက် လုပ်ငန်းရှင်တစ်ဦးက တိုင်းအစိုးရသို့ မြေလှူ

0
183
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့အတွင်းရှိ ဌာနအသီးသီးမှ အိမ်ငှားပြီးနေထိုင်နေရသည့် ဝန်ထမ်းများအတွက် လုပ်ငန်းရှင်တစ်ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြေ ၁၀ ဧကလှူဒါန်းခဲ့သည်။

ရွေမိုးဖြူကုမ္ပဏီလီမီတက် မိသားစုပိုင် စန္ဒဝတ်ကျေးရွာအုပ်စုအတွင်းရှိ မြေ ၁၀ ဧကအား တိုင်းအစိုးရအဖွဲ့သို့ နိုဝင်ဘာ ၂၅ ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း ယင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကာယကံရှင်တို့က ပြောသည်။

သက်ဆိုင်ရာဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းအများစုမှာ အိမ်ငှားနေထိုင်ကြရပြီး တိုင်းအစိုးရဖော်ဆောင်မည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းအတွက် အသုံးပြုနိုင်ရန် လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု မြေအလှူရှင် ရွေမိုးဖြူကုမ္ပဏီလီမီတက် ဒါရိုက်တာ ဒေါ်မိုးမိုးဆန်းက ပြောပြသည်။

“ဝန်ထမ်းတွေဆိုတာကလည်း ပြည်သူတွေအတွက် အလုပ်လုပ်ပေးနေရတယ်ဆိုတော့ နေရေးထိုင်ရေး အဆင်ပြေပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဖြစ်ခဲ့တာ” ဟု ၎င်းကပြောသည်။

အဆိုပါမြေ ၁၀ ဧကအား ပိုင်ရှင်မှ စာရွက်စာတမ်းနှင့်တကွ အိုးအိမ်ဦးစီး ဌာနသို့ လွဲအပ်ပေးခဲ့ပြီး ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်ကိုမူ အသေးစိတ် မသိရသေးဟု စန္ဒဝတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဌေးက ပြောသည်။

“အိမ်ရာနဲ့ပတ်သက်တဲ့ စီမံကိန်း လုပ်မယ်ဆိုတာတော့ အကြမ်းအဖျင်း သိရသေးတယ်” ဟု၎င်းကပြောသည်။

လက်ရှိယင်းနေရာ၏ မြေတစ်ဧက ပေါက်ဈေးမှာ ကျပ်သိန်းနှစ်ရာ့ငါးဆယ် ဝန်းကျင် ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း အသိုင်းအဝိုင်းမှသိရ သည်။

ကိုဆန်း