ဆေးယဉ်ပါးမှုရောဂါသည် ကူးစက်နိုင်ပြီး သေဆုံးသည်အထိဖြစ်နိုင်

0
161
Dawei Watch, Dawei News, Dawei News Media

ပဋိဇီဝဆေးယဉ်ပါးမှုရောဂါသည် ဆေးမတိုးတော့ပါက လူနာအနေနှင့် ရက်ရှည်ကြာ ဆေးရုံတက်ရမည့်အပြင် အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပြီး ၎င်းလူနာမှ အခြားသူများထံသို့လည်း ပဋိဇီဝဆေးယဉ်ပါးသောရောဂါပိုး ကူးစက်နိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ပဋိဇီဝဆေးဆိုသည်မှာ ဖြစ်ပွားသည့် ရောဂါအလိုက် သောက်ရသည့် ရောဂါနှိမ်နှင်းသည့် ပိုးသတ်ဆေးများဖြစ်ပြီး ပဋိဇီဝဆေးကို စနစ်တကျ အသုံးပြုခြင်းမရှိပါက ရောဂါပိုးများသည် ၎င်းတို့၏ ရှင်သန်မှု သဘောသဘာဝအရ ပဋိဇီဝဆေးများအား ခံနိုင်ရည်ရှိလာပြီး ဆေးမတိုးခြင်းများ ပိုမိုဖြစ်လာနိုင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အအေးခန်းစက်ရုံအလုပ်သမား ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့

ပဋိဇီဝဆေးများကို ဆရာဝန်ညွှန် ကြားချက်အတိုင်း အသုံးမပြုခြင်း၊ သောက်ရမည့် အကြိမ်ရေနှင့် ဆေးအလုံးရေပြည့်အောင် မသောက်ခြင်း၊ ဈေးဆိုင်များတွင်ရောင်းချသည့် စပ်ဆေးများကို သောက်သုံးခြင်း စသည်တို့ကြောင့် ပဋိဇီဝဆေးယဉ်ပါးမှုများဖြစ်လာသည်ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာ ထွန်းမင်းက ပြောသည်။

“တချို့ကျလည်း ဆရာဝန်ဆီတစ် ခါပြပြီးရင် ဆေးညွှန်းပြပြီး ထပ်ဝယ် သောက်တာပေါ့။ တချို့ကလည်း ဆေးကိုကုန်အောင်မသောက်တာပေါ့။ တစ်ခါ သောက်ရင် နှစ်လုံးသောက်ရမယ်ဆို တစ်နေ့ တစ်လုံးပဲ သောက်တာမျိုးပေါ့။ လေးရက်သောက်ရမှာလည်း လေးရက် ပြည့်အောင်မသောက်ဘူး။ အဲလိုမျိုးတွေနဲ့ တဖြည်းဖြည်း ယဉ်ပါးကုန်တာပေါ့” ဟု ၎င်းက ဆိုသည်။

ယင်းပြင် လူအများစားသုံးရန် စီးပွားဖြစ်မွေးမြူထားသည့် ကြက်၊ ဝက် စသည့် ကိုယ်အလေးချိန်တိုးလာစေရန်အတွက် ပဋိဇီဝဆေးများကို တိရစ္ဆာန် အစာများတွင် ထည့်သွင်းခြင်းကြောင့် ထိုကြက်၊ ဝက်များကို လူတို့စားသုံးခြင်း မှလည်း ပဋိဇီဝဆေးယဉ်ပါးမှုများ ဖြစ်ပွားနိုင်သည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဆရာတို့ တစ်နိုင်ငံတည်းမဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ပဋိဇီဝဆေး ယဉ်ပါးတဲ့ ပြဿနာတွေက တစ်ကမ္ဘာ လုံးမှာဖြစ်လာတာ” ဟု ဒေါက်တာထွန်းမင်း က ဆိုသည်။

ယင်းသို့ ဆေးမတိုးတော့သဖြင့် ဆေးရုံတွင် ရက်ရှည်ကြာစွာကုသရခြင်း၊ ယခင်အသုံးပြုသည့် ဆေးထက် အရည်အသွေးမြင့်ပြီး အာနိသင်ပိုကောင်းသည့် တန်ဖိုးကြီးဆေးများကို သုံးစွဲရခြင်းကြောင့် ငွေကုန်ကြေးကျလည်း ပိုများသလို ဆေး၏ ဘေးထွက်ဆိုးကျိုးများကိုလည်း ခံစားရပြီး အသက်သေဆုံးသည် အထိဖြစ်နိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပဋိဇီဝဆေးယဉ်ပါးမှုမဖြစ်စေရန်အတွက် နားလည်တတ်ကျွမ်းသည့် ဆရာဝန်နှင့် ပြသသင့်ပြီး ဆရာဝန်ညွှန်ကြားသည့် ဆေးကိုသာ စနစ်တကျ သောက်သုံးရမည်ဖြစ်သည်ဟု ဒေါက်တာထွန်းမင်းက ပြောသည်။

မိုးမြင့်