နော်ချစ်ပန်းတိုင်အသတ်ခံရမှု အခြေအနေကို အမြန်ဆုံးထုတ်ပြန်ပေးရန် တောင်းဆို

0
241

ပြီးခဲ့သည့် လေးနှစ်က အသတ်ခံရသည့် နော်ချစ်ပန်းတိုင်အမှုနှင့် ပတ်သက်၍ လုပ်ဆောင်နေမှု လက်ရှိအခြေအနေအား အမြန်ဆုံးထုတ်ပြန်ပေးရန် လူမှုအဖွဲ့ အစည်း ၁၃ ဖွဲ့က တောင်းဆိုလိုက်သည်။

နော်ချစ်ပန်းတိုင်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် ညက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်းတွင် ကျင်းပသည့် မြန်မာနိုင်ငံဂီတအစည်းအရုံး ရန်ပုံငွေ အဆိုပြိုင်ပွဲ ကျင်းပစဉ်တွင် ပြိုင်ပွဲစင်မြင့်နှင့် မလှမ်းမကမ်းတွင် ဓားဖြင့်အထိုးခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

နော်ချစ်ပန်းတိုင်သတ်ဖြတ်ခံရအမှုမှာ အချိန်လေးနှစ်ကျော်ကြာသည်အထိ တရားခံမဖော်ထုတ်နိုင်ခြင်းနှင့် တစ်စုံ တစ်ရာထုတ်ပြန်ရန် ပျက်ကွက်ခဲ့သည့်အတွက် စိတ်ပျက်မိကြောင်း ထားဝယ်အခြေစိုက် တာကပေါလူငယ်အဖွဲ့၊ မိတ်ဆွေစစ်အဖွဲ့၊ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA)၊ Southern Youth Development Organization စသည့်အဖွဲ့များအပါအဝင် လူမှုအဖွဲ့အစည်း ၁၃ ဖွဲ့က နိုဝင်ဘာ လ ၂၃ ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လုပ်ချင်သေးတဲ့အရာတွေရှိပေမဲ့

ထိုကြောင့် တိုင်းအစိုးရနှင့် ရဲတပ်ဖွဲ့ မှ အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းဖော် ထုတ်ပေးရန်နှင့် လက်ရှိအချိန်ထိ အမှုနှင့် ပတ်သက်သည့်ဆောင်ရွက်ချက်များအား ထုတ်ပြန်ပြောဆိုရန် တောင်းဆိုခဲ့ ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ကမူ အဆိုပါအမှုနှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

“ဒီအမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က မေ့ပျောက်မထားပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

နော်ချစ်ပန်းတိုင် အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ ၄၀ ကျော်ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

အသတ်ခံခဲ့ရသည့် အသက် ၂၁ နှစ် အရွယ် နော်ချစ်ပန်းတိုင်သည် ထားဝယ် ဒေသအရေးလှုပ်ရှားသည့် တာကပေါအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး အခင်းမဖြစ်ပွားခင်အချိန်ထိတွင် မြေမြှုပ်မိုင်း အန္တရာယ်အကြံပေးအဖွဲ့ (MAG) တွင် တာဝန်ထမ်းဆောင်ခဲ့သည်။