အအေးခန်းစက်ရုံအလုပ်သမား ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့

0
208
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးမြို့နယ် (ဃ) ရပ်ကွက်တွင် ကွာရန်တင်းဝင်နေသူ အအေးခန်း စက်ရုံအလုပ်သမား ၁၀ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

လောင်းလုံး အအေးခန်းစက်ရုံတွင် အလုပ်ဝင်ရန်အတွက် ရန်ကုန်မှလာသူ ၂၂ ဦးကို နိုဝင်ဘာ ၃၀ ရက်နေ့က ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ ၁၀ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အထက်ပါဌာနမှ TMO မြို့နယ်ဆရာဝန် ဒေါက်တာမင်းညွန့်ဝင်း က ပြောသည်။

“စက်ရုံကို အဖွဲ့လိုက်ရောက်လာ ကတည်းက ကျူထားတယ်။ အခုလည်း ကျူထားဆဲပါ။ သူတို့ကိုအလုပ်ပေး မလုပ်သေးပါဘူး။ လောလောဆယ် လောင်းလုံးဆေးရုံကို သယ်နေတုန်းပါ” ဟု ဒေါက်တာမင်းညွန့်ဝင်းက ဆိုသည်။

လက်ရှိတွင် ပိုးတွေ့လူနာများကို လောင်းလုံးမြို့နယ်ပြည်သူ့ဆေးရုံသို့ သယ်ယူနေပြီး လူနာများအားလုံး ကျန်းမာရေးအခြေအနေကောင်းသည်ဟု ဒေါက်တာမင်းညွန့်ဝင်းက ဆိုသည်။

ပိုးတွေ့လူနာ ၁၀ ဦးတွင် အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား လေးဦးပါဝင် သည်ဟု ၎င်းက ပြောသည်။

အအေးခန်းစက်ရုံတွင် အလုပ်လုပ်ကိုင်ရန် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ၁၂ ဦး၊ ၂၁ ရက်နေ့တွင် ၁၀ ဦးထပ်မံရောက်ရှိ လာပြီး နိုဝင်ဘာ ၃၀ ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူကာ ဒီဇင်ဘာလ ၁ ရက်နေ့တွင် မော်လမြိုင် ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာမင်းညွန့်ဝင်းက ပြောသည်။

မိုးမြင့်