သုံးလစာအတွက် လျှပ်စစ် တစ်ယူနစ်ဈေး ၂၈ ကျပ် လျှော့

0
183

ထားဝယ်ခရိုင်အတွင်း အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလတာကို လျှပ်စစ်တစ်ယူနစ်လျှင် ၂၁၀ ကျပ်နှုန်းထားဖြင့် ကောက်ခံမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့နှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီထံမှ သိရသည်။

ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးခွင့်ရထားသည့် Petro & Tran ကုမ္ပဏီ လုပ်ကိုင်ခွင့်ရချိန်မှ သြဂုတ်လအထိ ကောက်ခံခဲ့သည့် ဈေးနှုန်းနှင့်စာလျှင် တစ်ယူနစ်တွင် ၂၈ ကျပ် လျော့နည်းခြင်း ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် စက်တင်ဘာလတွင် ၂၁၉ ကျပ်နှုန်းဖြင့် ကောက်ခံခဲ့သည်။

ထိုနောက် အောက်တိုဘာမှစတင်ကာ တစ်ယူနစ်လျှင် ၂၁၀ ကျပ်ဖြင့် ကောက်ခံရန် တိုင်းအစိုးရက ညွှန်ကြားခဲ့သည်။

အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလက ယခုဈေးဖြင့် ကောက်ခံမည်ဖြစ်သော်လည်း ဒေါ်လာဈေး အတက်အကျအပေါ် မူတည်ကာ နောက်ထပ်သုံးလတွင်မူ ဈေးနှုန်းအပြောင်းအလဲ ရှိမည်ဖြစ်သည်။

လက်ရှိနှုန်းထားသတ်မှတ်ချက်နှင့် ပတ်သက်၍ ကုမ္ပဏီဘက်မှ အသနားခံစာ တင်ပြထားကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က ဆိုသည်။

“အသနားခံစာတင်ထားတော့ တွက်ချက်မှုတွေတော့ ပြန်ညှိရအုန်းမှာ ပေါ့ ကုမ္ပဏီကို” ဟု ဝန်ကြီးဦးအောင်သူရ က ဆိုသည်။

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနအနေနှင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ်(၂၀၁၉- ၂၀၂၀) ဒုတိယခြောက်လတွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၅၃၅ ကျပ်သတ်မှတ်ခဲ့ပြီး ယခုဘဏ္ဍာနှစ် ပထမ ခြောက်လဖြစ်သည့် အောက်တိုဘာလမှ မတ်လအထိ ဒေါ်လာငွေလဲနှုန်းကိုမူ တစ်ဒေါ်လာလျှင် ၁၃၃၀ ကျပ် သတ်မှတ်ထားကြောင်း တိုင်းဒေသကြီး ရသုံးမှန်း ခြေငွေစာရင်းဦးစီးဌာနထံမှ သိရသည်။

ထိုကြောင့် ယခင်ဘဏ္ဍာနှစ် ငွေလဲလှယ်နှုန်းထားထက် အမေရိကန် တစ်ဒေါ်လာလျှင် ၂၀၅ ကျပ် လျော့နည်းသွားသည်။

လက်ရှိတွင် တိုင်းအစိုးရက လျှပ်စစ်ထုတ်သည့်စက်အင်ဂျင် ကုန်ကျစရိတ် ကျသင့်ငွေအတွက် ဒေါ်လာငွေလဲလှယ်နှုန်းကို သုံးလတစ်ကြိမ် သတ်မှတ်ခဲ့သောကြောင့် လျှပ်စစ်ဈေးနှုန်းကိုလည်း ယင်းကာလအတိုင်း သတ်မှတ်ခဲ့ကြောင်း Petro & Tran ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးတင်ထွန်းဦးက ဆိုသည်။

လက်ရှိသတ်မှတ်ချက်အရ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွက် လျှပ်စစ်ဈေးနှုန်းကို စက်တင်ဘာလ ၃၀ ရက်နေ့ ဗဟိုဘဏ်ငွေလဲလှယ်ဈေးနှုန်းအပေါ် အခြေခံတွက်ချက်ရကြောင်း ၎င်းက ရှင်းပြသည်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ ဈေးနှုန်းအတွက်ကိုမူ ဒီဇင်ဘာလ ၃၁ ရက်နေ့ ငွေလဲလှယ်နှုန်းထားအပေါ် အခြေခံပြီး တွက်မည်ဖြစ်သည်ဟု ဆိုသည်။