ဒေသခံအချို့ကန့်ကွက်သောကြောင့် ဂျင်းမွေးမြူရေးလုပ်ငန်းရပ်နားထား

0
259
ပုလောမြို့နယ်, ဂျင်းမွေးမြူရေးလုပ်ငန်း

ကျွန်းစုမြို့နယ်၊ ကဒဲကဒွတ်ကျေးရွာတွင် ဒေသခံအချို့က ကန့်ကွက်သော ကြောင့် အများပိုင် ဂျင်းမွေးမြူရေးလုပ် ငန်းတစ်ခု ရပ်တန့်ထားရကြောင်း သတင်း ရရှိသည်။

ကဒဲကဒွတ်ကျေးရွာတွင် အိမ်ခြေ စုစုပေါင်း ၁၁၇ အိမ်ရှိပြီး အိမ်ခြေ ၃၀ ခန့်က လက်မှတ်ထိုး၍ မြို့နယ်ကိုစာတင် ကန့်ကွက်ထားခြင်းဖြစ်သည်။ အကြောင်းမှာ ဒေသခံတံငါသည်များ၏ ငါးလုပ် ကွက်ပျောက်သွားမည်စိုး၍ ဖြစ်သည်။ ဂျင်းမွေးမြူရန် စိုက်ထားသော တိုင်ကြီးများကို ကန့်ကွက်သူတို့က သွားရောက် ဖျက်စီးခဲ့ကြသည်အထိ အခြေအနေ တင်းမာခဲ့ပြီးနောက် ယင်းကဲ့သို့ ရပ်နား လိုက်ရခြင်းဖြစ်သည်။

ဂျင်းပဋိပက္ခ

“ဂျင်းမွေးမြူရေးလုပ်ရင် ကျွန်တော်တို့ တံငါသည်တွေအတွက် ငါးပုစွန် လုပ်ကွက်ပျောက်သွားလိမ့်မယ်။ ဒါကြောင့်လည်း ကန့်ကွက်ရတာပါ။ ငါးလုပ်ကွက်ပျောက်သွားရင် စီးပွားရေး၊ လူမှုရေးကစလို့ ကလေးတွေရဲ့ ပညာရေး အထိ ထိခိုက်နိုင်တယ်” ဟု ကန့်ကွက် သူတစ်ဦးက ပြောသည်။

အဆိုပါနေရာတွင် ဂျင်းမွေးမြူရေး လုပ်ငန်းလုပ်ကိုင်မည်ကို ယခုနှစ် မလုပ်မီ ဇွန်လက ရွာလုံးကျွတ် အစည်းအဝေးခေါ်ယူပြီး ယခုလုပ်ငန်းသည် တစ်ဦးတစ်ယောက်ပိုင်မဟုတ်ဘဲ ရွာခံများအနေနှင့် လုပ်ငန်းတွင် အစုရှယ်ယာ ဝင်နိုင်ကြောင်း ရှင်းပြတိုင်ပင်ခဲ့သည်ဟု ကျေးရွာတာဝန်ခံ ဦးစန်းမောင်က ပြော ဆိုသည်။

“ကျွန်တော်တို့ရွာရဲ့ အများကောင်းကျိုးအတွက် ဒီလုပ်ငန်းကိုလုပ်ဖို့ ခွင့်ပြုပေးရတာပါ” ဟု ၎င်းက ပြောသည်။

ရွာခံများနှင့် လုပ်ငန်းအကြား မကျေလည်မှုအတွက် ပြန်လည်ညှိနှိုင်း သွားမည်ဟု ဂျင်းမွေးမြူရေး ကော်မတီဥက္ကဋ္ဌ ဦးလှဝင်းက ပြောသည်။

ကဒဲကဒွတ်ကျေးရွာ အရှေ့ဘက်ရှိ ဒီရေတော ၂၆၂ ဧကသည် ၂၀၁၇ ခုနှစ်က ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခွင့်လက်မှတ်ကို ရရှိထားသည်။ အဆိုပါဒီရေတောနှင့် တစ်ဆက်တည်းရှိသော ရွှံ့ပြင် ၃၀ ဧကကို ဂျင်းမွေးမြူရန် ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။

ဟိန်းသက်ပိုင်