ဈေးတောင်းရွက်သမ

0
562
ဈေးတောင်းရွက်သမ

အမျိုးသားတွေတောင် မနိုင်တဲ့ အထုပ်အပိုးပစ္စည်းတွေကို အမျိုးသမီးတွေက အသာလေး ထမ်းပိုးနေကြပါတယ်။

သူတို့ဟာ ဈေးရောင်း၊ ဈေးဝယ်သူတွေရဲ့ ရောင်းကုန်ပစ္စည်းတွေ၊ ပိဿာချိန် ၇၀ လောက်ရှိတဲ့ ငါးခြောက်အိတ်တွေကို ခေါင်းပေါ်ရွက်ပြီး လိုအပ်တဲ့ နေရာအရောက် ပို့ဆောင်ပေးရတဲ့ ဈေးတောင်းရွက် သမတွေပဲ ဖြစ်ပါတယ်။

ထားဝယ်စည်ပင်သာယာဈေးကြီးထဲမှာ ဒီလိုအလေးအပင်ပစ္စည်းတွေ ထမ်းပိုးရတာက သူတို့အတွက်တော့ နိစ္စဓူဝလုပ်နေရတဲ့ ထမင်းစား၊ ရေသောက် အလုပ်ပဲဖြစ်ပါတယ်။

ဈေးတောင်းရွက်သမတွေဟာ မနက်စောစောဆို လုပ်ငန်းခွင်ဖြစ်တဲ့ ဈေးကိုလာပြီး အထုပ်သယ်ခိုင်းမယ့် ဖောက်သည်ကို မျှော်ကြပါတယ်။

နယ်ဘက်ကနေ မြို့ကိုလာရောက်ပြီး ဈေးဝယ်တဲ့ဖောက်သည်တွေရဲ့ ဝယ်ယူပြီးပစ္စည်းတွေကို ဈေးထဲကနေ လိုင်းကားတွေဆီ ဒါမှမဟုတ် ဈေးပေါက်ဝ အထိ ပစ္စည်းအထုပ်တွေကို သယ်ယူပို့ ဆောင်ပေးကြရတာပါ။

စည်ပင်ဈေးထဲကနေ ဈေးပေါက်ဝအထိ ပစ္စည်းတစ်ထုပ် ပို့ပေးတာမှ တစ်ခေါက်ကို ဝန်ဆောင်ခဖြစ် ကျပ် ၁၀ဝ ကနေ ၃၀ဝ လောက်ပဲ ယူလေ့ရှိပါတယ်။

ကားဂိတ်တွေအထိ ပို့ပေးရမယ်ဆိုရင်တော့ ခရီးအနီးအဝေးအပေါ် မူတည်ပြီး ကျပ် ၅၀ဝ ကနေ ကျပ် ၁၀ဝ၀ လောက်အထိ ရကြတာပါ။

ပိဿာချိန် ၇၀ လောက်လေးတဲ့ ငါးခြောက်အိတ်ကို ဈေးထဲပို့ပေးရင် ကျပ် ၁၀ဝ၀ လောက်ရပေမယ့် လူကတော့ မသက်သာလှဘူးလို့ ဆိုပါတယ်။ ပြောရရင် အလေးချိန်ဟာ သူတို့ခန္ဓာကိုယ်ရဲ့ နှစ်ဆလောက် ရှိနေတာပါ။

အရင်က ထားဝယ်ဈေးကြီးထဲမှာ ဈေးတောင်းရွက်သမ ဒါဇင်ပေါင်းများစွာ ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ၁၀ ဦး လောက်ပဲ ကျန်ပါတော့တယ်။ ဒီအလုပ် ကို လုပ်ကိုင်ကြသူအများစုကလည်း အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။

၁၀ ဦးလောက်ပဲ ကျန်တဲ့ ဈေးတောင်းရွက်အလုပ်သမတွေထဲမှာ မဝါဝါလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

ငယ်စဉ်က ဆင်းရဲပြီးပညာသင်ယူ ခွင့်မရခဲ့တဲ့ မဝါဝါ တစ်ယောက် ဘဝ အသက်မွေးဝမ်းကျောင်းအတွက် ဈေးတောင်းရွက်တဲ့ အလုပ်ကို ရွေးချယ်ခဲ့ တာပါ။

အသက် ၁၂ နှစ် အရွယ်ကတည်း ကပင် ဈေးတောင်းရွက်သမ အလုပ်ကို စလုပ်ခဲ့တာလို့ ဆိုပါတယ်။

“ငယ်ငယ်တုန်းကဆိုရင် ကျောင်းတောင်မနေရဘူး။ ဝင်လုပ်လိုက်တာ စားဝတ်နေရေးအဆင်မပြေလို့လေ။ ဒီ လုပ်ငန်းပဲရှိတယ် အခြားလုပ်ငန်းလုပ်ဖို့ ကလည်း မရှိဘူးလေ” ဟု မဝါဝါက ရင်ဖွင့်သည်။

လက်ရှိမှာ အသက် ၄၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သူမမှာ မိသားစု ငါးဦးရှိပြီး သားသမီးတွေအကုန်လုံးက ကျောင်းနေ အရွယ်တွေပါ။

သူမရဲ့ အမျိုးသားဖြစ်သူလည်း ဒီအလုပ်ကိုပဲ လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဒီအလုပ်နဲ့ပဲ သူတို့ အသက်မွေးကြတာပါ။

ခေတ်ကောင်းစဉ်အချိန်တုန်း ကတော့ တစ်နေ့ ကျပ်တစ်သောင်းဝန်း ကျင်အထိရပြီး ဝင်ငွေရွှင်တဲ့နေ့တွေရှိခဲ့ ပါတယ်။

အခုတော့ ကိုဗစ်ကပ်ဘေးကြောင့် နယ်ဘက်ကနေ ဈေးလာဝယ်သူတွေက နည်းလာပါတယ်။ လိုင်းကားတွေကတစ်ဆင့် ပွဲရုံတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဝယ်ယူလာကြတော့ သူတို့ ကူထမ်းသယ် ပေးဖို့လည်း လိုအပ်မနေတော့ပါဘူး။ ဒါကြောင့် ဈေးဦးမပေါက်တဲ့ ရက်တွေတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆိုင်ကယ်ကယ်ရီသမား တွေကလည်း ခရီးသည်ရဲ့ ပစ္စည်းတွေကို ဈေးထဲအထိ ဝင်သယ်ပေးကြတာကလည်း သူတို့ရဲ့ ဝင်ငွေကို လျော့နည်းလာ စေပါတယ်။

အခုချိန်မှာတော့ ဝင်ငွေနည်းသွားတဲ့အတွက် အခြားသူတွေပိုင်တဲ့ လယ်ကွင်းထဲ ကန်စွန်းရွက်ခူးရောင်းပြီး ဝမ်းရေးဖြေရှင်းနေ ရတယ်လို့ ဆိုပါတယ်။

“အခုတော့ ဒီရောဂါဖြစ်ကတည်း က လုပ်စားလို့လည်း အဆင်မပြေတော့ဘူး။ တစ်နေ့တစ်နေ့ကို ဈေးဖိုးနဲ့ စားစရိတ်တောင် မလွယ်ဘူး” လို့ မဝါဝါက ညည်းတွားပါတယ်။

အရင်က ဈေးတောင်းရွက်လို့ရတဲ့ ဝင်ငွေနဲ့ မိသားစု စားဝတ်နေရေးကို ဖြေရှင်းနိုင်ခဲ့ပေမဲ့ အခုချိန်မှာတော့ ဝမ်းစာရေးအတွက် မနည်းရုန်းကန်နေရတယ်လို့ နှစ်ပေါင်း ၂၀ ဆယ်ကျော် ဈေးတောင်း ရွက်သမအဖြစ် အသက်မွေးလာခဲ့တဲ့ ဒေါ်ရီရီအေးက ဆိုပါတယ်။

“ဒီလိုပဲ စားနေရတာပဲ ချေးလိုက် ငှားလိုက်နဲ့ပဲ ဖြစ်နေတာပေါ့” လို့ ဒေါ်ရီရီအေးက ပြောပါတယ်။

သူမဈေးတောင်းရွက်တဲ့အလုပ်ကို စလုပ်ချိန်က လေးလံတဲ့ပစ္စည်းတွေကို အသာလေး သယ်နိုင်ပေမဲ့ လက်ရှိမှာတော့ အသက် ၅၀ ကျော်လာပြီဖြစ်တဲ့အတွက် မသယ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

ကိုဗစ်ကာလမတိုင်ခင်က ခင်ပွန်းဖြစ်သူက မြန်မာထီရောင်းပြီး မိသားစုအတွက် ဝင်ငွေရှာပေးခဲ့ပေမဲ့ လက်ရှိမှာတော့ ရောင်းအားမကောင်းတော့လို့ အလုပ်လက်မဲ့ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ဈေးတောင်းရွက်သမအားလုံးက အခြေခံလူတန်းစားတွေဖြစ်တဲ့အတွက် လက်ရှိပေးနေတဲ့ ကိုဗစ်ထောက်ပံ့ကြေးကိုတော့ အကြိမ်တိုင်း ရနေတယ်လို့ ဆိုပါတယ်။

ဈေးတောင်းရွက်သမတွေကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလတုန်းကတော့ စည်ပင်တာဝန်ရှိသူတွေက အသိအမှတ်ပြု ကတ်ပြားတွေ ထုတ်ပေးထားပါတယ်။ အသိအမှတ်ပြုကတ်ပြားရှိသူမှသာ ဈေးတောင်းရွက်အလုပ်ကို လုပ်ခွင့်ရကြ တာပါ။

ပစ္စည်းပျောက်ရှပြီး အငြင်းပွားမှု တွေဖြစ်လာမှာစိုးတဲ့အတွက် ကတ်ပြားတွေ ထုတ်ပေးထားတာဖြစ်တယ်လို့ ဝါရင့် ဈေးတောင်းရွက်သမတွေက ဆိုပါတယ်။ အခုတော့ ဈေးတောင်းရွက်သမ အရေအတွက်နည်းလာတဲ့အချိန်မှာ အသိအမှတ်ပြုကတ်ပြား ထုတ်ပေးတာမျိုး မရှိတော့ဘဲ သယ်ပေးတဲ့ ပစ္စည်း ပျောက်မသွားအောင် ကိုယ်ကိုယ်တိုင်ပဲ တာဝန်ယူနေတယ်လို့ ပြောကြပါတယ်။

ဈေးတောင်းရွက်သမတွေရဲ့ ဝင်ငွေက အရင်လို မကောင်းတော့ပေမဲ့ ဝမ်းစာရေးအတွက် ဆက်လုပ်နေရမယ့် ဘဝတွေပဲ ဖြစ်နေတယ်လို့ မဝါဝါက ဆိုပါတယ်။ ဒါ့အပြင် ကိုဗစ်ကပ်ဘေးကြောင့် ဈေးယာယီပိတ်မယ်လို့ ကောလဟလသတင်းတွေလာထွက်တဲ့အချိန်တွေဆို ထမင်းငတ်မှာကို တွေးပြီး ကြောက်နေမိ တယ်လို့ သူမက ပြောပါတယ်။

ဒီဈေးကြီးဟာ သူတို့အတွက် ထမင်းအိုးဖြစ်နေတာပါ။ ဒါကြောင့် ဈေးကြီးပိတ်ပြီး ခြောက်ကပ်သွားမှာမျိုးကို သူတို့ မလိုချင်ကြပါဘူး။

“ဒီထမင်းအိုးမရှိတော့ရင် ကျွန်မတို့မှာ ငတ်သွားမယ်။ ဒီဈေးကြီးရှိလို့ ကျွန်မတို့မှာ ထမင်းဝနေတာ” လို့ မဝါဝါ က ဆိုပါတယ်။

ကိုဇော်