ရွေးကောက်ပွဲအပြီး ၁၈ ရက်အတွင်း ကိုဗစ်လူနာသစ် ၁၆၀ ကျော်

0
223
ရွေးကောက်ပွဲအပြီး ၁၈ ရက်အတွင်း ကိုဗစ်လူနာသစ် ၁၆၀ ကျော်

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှ ၂၆ ရက်နေ့အထိ ဆယ့်ရှစ်ရက်တာ ကာလတွင် ကိုဗစ်လူနာသစ် တစ်ရာ ခြောက်ဆယ်ကျော်ထပ်တိုးလာကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါပမာဏမှာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ကိုးဦးနှုန်းဖြစ်ပြီး ကိုဗစ် -၁၉ ကပ်ရောဂါ မြန်မာပြည်တွင် စတင်ဖြစ်ပွားသည့် မတ်လမှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ခုနစ်လတာ(ရက်ပေါင်း ၂၁၀ ကျော်)အတွင်း ကူးစက်မှု၏ ထက်ဝက်ကျော်ပမာဏလည်း ဖြစ်သည်။

တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာအရေအတွက်မှာ ခုနစ်လ အတွင်း ၂၇၅ ဦးသာရှိပြီး နိုဝင်ဘာ ၈ ရက်မှ ၂၆ ရက်နေ့အထိ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၆၁ ဦးထပ်တိုးလာသည့်အပြင် သေဆုံးသူ နှစ်ဦးထိရှိလာပြီဖြစ် သည်။

ယင်းသို့ လူနာသစ်များထပ်တိုးလာခြင်းမှာ တိုင်းအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် အခြားတိုင်းနှင့်ပြည်နယ်မှ ပြန်ဝင်လာသူများကြောင့်လည်း ပါဝင်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာ ထွန်းမင်းက ပြောသည်။

“ဒီရွေးကောက်ပွဲကာလတို့ ရွေးကောက်ပွဲပြီးတဲ့ကာလတို့မှာ ဒီတချို့ လူစုလူဝေးလုပ်တာတွေကလည်း ဒါ ကူးစက်မှု ဒါဖြစ်နိုင်ခြေအားပေးတဲ့ အခြေအနေတွေလည်းရှိတာပေါ့နော်” ဟု ဒေါက်တာထွန်းမင်းက ဆိုသည်။

ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲကျင်းပစဉ်ကာလများတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပက်သက်ပြီး လိုက်နာရမည့် စည်းကမ်းချက်များတွင် နှာခေါင်းစည်းတပ်ဆင်ရန်၊ လက်သန့် ဆေးရည် သို့မဟုတ် ဆပ်ပြာဖြင့် လက်ဆေးရန်၊ လူ ၃၀ ဦးထက်ပိုမစုရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေကွာနေရန် စသည့် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် အချို့နေရာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းသတ် မှတ်ချက်များကို လိုက်နာမှုအားနည်း သည်ကိုလည်းတွေ့ရပြီး စည်းကမ်း လိုက်နာရန် အားနည်းမှုများကလည်း ကူးစက်မှုအခွင့်အလမ်းရှိသည်ဟု ဒေါက်တာ ထွန်းမင်းက ဆိုသည်။

ယင်းအပြင် ရန်ကုန်အပါအဝင် အခြားတိုင်းနှင့် ပြည်နယ်များမှ ပြန်လည် ဝင်ရောက်လာသူများနှင့် နိုင်ငံခြားမှ ခိုးဝင်လာမှုများကို ထိန်းချုပ်နိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်ဝင်လာ သူများကိုလည်း ကွာရန်တင်းဝင်ခိုင်း၍ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်မည်ဆိုပါက ကူးစက်မှုများ ထပ်တိုးလာစရာအကြောင်း မရှိဟု ဒေါက်တာထွန်းမင်းက ဆိုသည်။

တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၄၃၆ ဦးအထိရှိလာပြီး သေဆုံးသူ ၂ ဦးနှင့် သက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၃၅၃ ဦးရှိသည်။

လာမည့် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးကို မြန်မာနိုင်ငံတွင် စတင်ထိုးနှံနိုင်မည်ဖြစ်ကြောင်း ဒေါက်တာထွန်းမင်းက ပြောသည်။

မိုးမြင့်