မြိတ်တွင် ကွာရန်တင်းဝင်သူငါးဦး နေအိမ်ရောက်မှ ကိုဗစ်ပိုးတွေ့

0
174
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ရောဂါရှိသူနှင့် ထိတွေ့ ဆက်စပ်သူတို့အား စောင့်ကြပ်ကြည့် ရှုသော မြိတ်တက္ကသိုလ်ဝင်းရှိ ပုလဲမာန် အဆောင်တွင် ကွာရန်တင်းဝင်သူ ငါးဦးမှာ နေအိမ်သို့ပြန်ရောက်ပြီးမှ ကိုဗစ် ပိုးတွေ့ရှိခဲ့ကြောင်း ယင်းအဆောင်ထံမှ သိရသည်။

ပုလဲမာန်အဆောင်မှ ကွာရန်တင်း ၁၄ ရက်ပြည့်ပြီး ကိုဗစ် ဓာတ်ခွဲခန်း အဖြေမထွက်မီ နိုဝင်ဘာလ ၂၆ ရက် ညပိုင်းအချိန်တွင် နေအိမ်သို့ပြန်ခွင့် ပြုခဲ့ကြောင်း ယင်းအဆောင် တာဝန်ခံ ဦးတင်ဇော်က ပြောပြသည်။

ကွာရန်တင်းစင်တာမလုံလောက်သဖြင့် ပထမအကြိမ်အဖြစ် RDT test kit ဖြင့် ရောဂါရှိ/ မရှိအား စစ်ဆေးပေးပြီး ရောဂါမတွေ့ရှိမှ နေအိမ်သို့ ပြန်လွှတ် လိုက်ခြင်းဖြစ်ကြောင်း ပုလဲမာန်အဆောင် ကွာရန်တင်းစင်တာ တာဝန်ခံ ဦးတင်ဇော်က ပြောပြသည်။

“ဆက်စပ်ထိတွေ့သူတွေ များလာတော့ လွှတ်လိုက်တာ” ဟု ၎င်းက ဆို သည်။

သို့သော် နိုဝင်ဘာလ ၂၇ ရက်တွင် နေအိမ်ပြန်ခွင့်ပေးလိုက်သူတို့အနက် ငါးဦး၏ ဓာတ်ခွဲနမူနာတွင် ပိုးတွေ့ ကြောင်းတွေ့ရှိရသဖြင့် ၎င်းတို့အား ပြန်ခေါ်ကာ မြိတ်ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ရကြောင်း ဦးတင်ဇော်က ပြော သည်။

ယင်းပို့တွေ့လူနာငါးဦးနှင့် ထိတွေ့ သူများကိုလည်း သွားလာကန့်သတ် ထားလိုက်သည်။

ယင်းအပြင် ပုလဲရွှေရည်အဆောင်မှ ခုနှစ်ဦးနှင့် ကလွင်ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း တောရရပ်ရှိ ကွာရန်တင်းစင်တာတွင် နှစ်ဦးတို့တွင်လည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ပုလဲရွှေရည်အဆောင်ထံမှ သိရသည်။

ထို့အပြင် လက်တလောတွင် မြိတ်မြို့တွင် ကိုဗစ်ကူးစက်မှုများ မြင့်တက် လာနေသည်။

မြိတ်မြို့အဝင် ကဘင်းကျေးရွာ လမ်းဆုံတွင် ကုန်တင်ယာဉ်များအား ကိုဗစ် စစ်ဆေးသည့်ဂိတ်ဖြင့် စစ်ဆေးမှုများပြု လုပ်လျက်ရှိရာ နေ့တိုင်းနီးပါး ကိုဗစ်ပိုး တွေ့ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့မှ မြိတ်သို့ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များအား ကဘင်းလမ်းဆုံရှိ စစ်ဆေးရေးဂိတ်တွင် ကိုဗစ်ပိုးရှိ မရှိ စစ်ဆေးနေရာတွင် နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၆ နေ့အထိ ကာလတွင် နေ့စဉ်လိုလို ပိုးတွေ့သူများ ရှိနေခြင်း ဖြစ်သည်။

ထို့ပြင် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကိုဗစ်ပိုးရှိသူ တစ်ဦး၊ ၂၃ နှင့် ၂၂ ရက်နေ့တို့တွင် နှစ်ဦးစီ၊ ၂၁ ရက်နေ့တွင် တစ်ဦးရှိကြောင်း မြိတ်ခရိုင်ပြည်သူ့ကျန်း မာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မှဝင်လာသည့် ကုန်တင်ယာဉ်များအား ပိုးသတ်ဆေးဖျန်းခြင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကဘင်းရွာထဲရှိ မြိတ်နည်းပညာတက္ကသိုလ်အားပို့ဆောင်ပေးခြင်း၊ ကိုဗစ်ပိုး ရှိသူတို့အား မြိတ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခြင်း၊ ပိုးရှိသူနှင့် ထိတွေ့သူတို့ အား ကွာရန်တင်းစခန်းများသို့ ပို့ခြင်းတို့အား မြိတ်ကိုဗစ်-၁၉ ထိစပ်လူနာသယ် ယူပို့ဆောင်ရေးအဖွဲ့မှ ကူညီ‌ဆောင်ရွက် ပေးနေကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)