အခြေခံပညာဒုညွန်ချုပ် အလိုမရှိကြောင်း ပုလောပညာရေးမှူးရုံးတွင် စာကပ်

0
144
Dawei Watch, Dawei News, Dawei News Media

အခြေခံပညာဒုတိယညွန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်အား အလိုမရှိကြောင်း ရေးသားထားသည့် စာရွက်နှစ်ရွက်ကို မြိတ်ခရိုင်၊ ပုလောမြို့နယ်ပညာ ရေးမှူးရုံး ဆိုင်းဘုတ်တွင် ကပ်ထားသည့်ဖြစ်စဉ်တစ်ခု နိုဝင်ဘာလ ၂၆ ရက်က ဖြစ်ပွားခဲ့သည်။

အာဏာရူး ဒုတိယညွန်ကြားရေးမှူး ဦးရဲလင်းမြင့်အလိုမရှိ၊ အထက်ဖား အောက်ဖိ ရဲလင်းမြင့်အလိုမရှိ၊ ဘာမှန်းမသိဘဲ ရာထူးတိုးပြန်ပြီ၊ အောက်ကဝန် ထမ်းတွေဖိနှိပ်တဲ့သူအလိုမရှိ၊ အခြေခံပညာကို ဖျက်ဆီးနေတဲ့ ရဲလင်းမြင့်ကို မိမိတို့ အောက်ခြေဝန်ထမ်းများက အလိုမရှိ၊ ရဲလင်းမြင့်ကြောင့် နစ်နာသူ များအရေး ဖြေရှင်းပေး၊ စနစ်သစ်ရာထူး တိုးမူဘောင်အရ နစ်နာသူများအရေး ဖြေရှင်းပေး စသည့်စာသားများရေးကာ ကပ်ထားခြင်းဖြစ်သည်။

ယင်းစာများကို မည်သူက မည်သည့် အချိန်တွင် လာကပ်ထားသည်ကို မသိဘဲ အွန်လိုင်းပေါ်ရောက်လာမှ သိရကြောင်း ပုလောမြို့နယ်ပညာရေးမှူး ဒေါ်လှလှအေးက ပြောသည်။

ယင်းစာမှာ ရုံးချိန်မဟုတ်သည့် အချိန်တွင် ကပ်ထားခြင်းဖြစ်ပြီး အွန်လိုင်းတွင် တွေ့ရသဖြင့် သွားကြည့်ချိန်တွင်လည်း ယင်းစာများကပ်ထားသည်ကိုမတွေ့ရတော့ကြောင်း ဒေါ်လှလှအေး က ပြောသည်။

“ဘာရည်ရွယ်ချက်နဲ့ ကပ်တယ်ဆိုတာလည်းကျွန်မတို့မပြောတတ်ဘူးလေ” ဟု ၎င်းကဆိုသည်။

ရုံး၏ဆိုင်းဘုတ်ကို အသုံးချပြီး ယင်းကဲ့သို့ အသုံးချသွားကြောင်းကို သက်ဆိုင်ရာရဲစခန်းထံသို့ အသိပေး အကြောင်းကြားထားကြောင်း ၎င်းက ပြောသည်။

ယင်းသို့ အခြေခံပညာရေးမှူး ဒုတိယညွန်ကြားရေးမှူး ဦးရဲလင်းမြင့်အား အလိုမရှိကြောင်းစာကပ်သည့်ဖြစ်စဉ်မျိုး ပညာရေးဝန်ကြီးဌာန အဝင်ဝတွင်လည်း ကပ်ထားသည့်ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့သေးသည်။

ကျော်သူစိုး