၂၀၂၀ ရွေးကောက်ပွဲကပြောသော ကိန်းဂဏန်းများ NLDက ကြံ့ခိုင်ရေးထက် မဲရလဒ် လေးဆကျော်ပို

0
673
Dawei Watch, Dawei News, Dawei News Media

နိုဝင်ဘာလ ၈ ရက်က ကျင်းပသည့် ရွေးကောက်ပွဲရလဒ်အရ တနင်္သာရီတိုင်းတွင် လက်ရှိအာဏာရ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD) က တိုင်းလုံးကျွတ် အနိုင်ရရှိခဲ့သည်ကို အားလုံးသိပြီးဖြစ်သည်။

ထွက်ပေါ်လာသည့် ရလဒ်များအရ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် NLDပါတီအတွက် ပြီးခဲ့သည့်ငါးနှစ်ကထက် ပို၍ အောင်မြင်မှုရခဲ့ကြောင်း တွေ့ရှိရသည်။

အောက်ဖော်ပြပါအချက်အလက်နှင့် ရုပ်ပုံများသည် ၂၀၁၅ နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှစ်ခုကို နှိုင်းယှဉ်ထားခြင်း ဖြစ်ပါသည်။

မဲပေးသူ ပိုများ
၂၀၁၅ ခုနှစ်က တိုင်းအတွင်း မဲပေးခွင့်ရှိသူ ဆယ်သိန်းနီးပါး (၉၈၅၀ဝ၈ ဦး) ရှိသည့်အနက် ဆန္ဒမဲလာပေးသူ ခြောက်သိန်းကျော် (၆၁၈၅၈၈ ဦး) ရှိသည်။ ရာခိုင်နူန်းအားဖြင့် ၆၂ ဒသမ ၈၀ ရာခိုင်နှုန်း မဲပေးခဲ့ခြင်းဖြစ်သည်။

ယခုရွေးကောက်ပွဲတွင်မှု မဲပေးခွင့်ရှိသူ စုစုပေါင်းမှာ ၁၂ သိန်းနီးပါး(၁၁၉၁၈၉၀ ဦး) ရှိသည့်အနက် မဲလာပေးသူ ရှစ်သိန်းနီးပါး(၇၉၂၇၂၉ ဦး) ရှိခဲ့သည်။

ရာခိုင်နှုန်းအားဖြင့် မဲပေးသူ ၆၆ ဒသမ ၅၁ ရာခိုင်နှုန်းဖြစ်ရာ ၄ ရာခိုင်နှုန်းဝန်းကျင် ပိုများလာခြင်း ဖြစ်သည်။

NLDထောက်ခံမှု တက်
ရှစ်သိန်းနီးပါးရှိခဲ့သော မဲပေးသူများအနက် ပျမ်းမျှအားဖြင့် ၇၅ ရာခိုင်နှုန်းဝန်းကျင် ပြည်သူ များက NLDပါတီကို မဲပေးရွေးချယ်ခဲ့သည်ကို တွေ့ရသည်။ ယင်းမှာ အနိုင်မဲ ၆၈ ရာခိုင်နှုန်းကျော်ရရှိခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲထက် ၇ ရာခိုင်နှုန်းဝန်း ကျင် မြင့်တက်လာခြင်း ဖြစ်သည်။

တစ်တိုင်းလုံးပျမ်းမျှအားဖြင့် ယင်းပမာဏ ဖြစ်သော်လည်း နေရာအချို့တွင် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်လည်း ရှိသည်။

ကရင်တိုင်းရင်းသားရေးရာဝန်ကြီးမဲဆန္ဒနယ်တွင်မူ NLDအနေနှင့် အနိုင်ရရှိခဲ့သော်လည်း ရလဒ်မှာ အနည်းငယ်ကျဆင်းခဲ့သည်။ ၂၀၁၅ တွင် ၅၉ ရာခိုင်နှုန်းကျော်ရှိခဲ့ရာမှ ၃ ရာခိုင်နှုန်းဝန်းကျင် ကျသွားခြင်း ဖြစ်သည်။ ထို့အတူ ယင်းမဲဆန္ဒနယ်တွင် USDP ၏ ရလဒ်မှာလည်း ၅ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့သည်။

ကရင်တိုင်းရင်းသားဝန်ကြီးနေရာအတွက် ၂၀၁၅ ခုနှစ်က ပါတီသုံးခုသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ယခုတွင်မူ ကိုယ်စားလှယ်လောင်း ခြောက်ဦးဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ထို့ ကြောင့် မဲရရှိမှု ရာခိုင်နှုန်းများ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ကရင်ပြည်သူ့ပါတီ(KPP) ကမူ ၁ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်ခဲ့သည်။

NLDပါတီအနေနှင့် ယခုရွေးကောက်ပွဲတွင် တိုင်းအတွင်း ကိုယ်စားလှယ် ၄၃ ဦး ဖြင့် နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက် ၁၉ ဦးမှာ လူသစ်များဖြစ်ပြီး ၂၄ ဦးမှာ လက်ရှိအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လက် ရှိလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်။

ကန့်ကွက်မှုအချို့ရှိ
မဲရလဒ်များနှင့်ပတ်သက်၍ ကန့်ကွက်မှု အချို့ရှိနေသည်။ အထူးသဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်ခြင်း ဖြစ်သည်။

ကြိုတင်မဲပေးချိန်နှင့် ရွေးကောက်ပွဲနေ့ အတွင်း မဲစာရင်းတွင်မပါဝင်သူအချို့ မဲပေးခဲ့ကြ ခြင်း၊ မဲနှစ်ကြိမ်ပေးသူအချို့ရှိခြင်း၊ မဲရုံအဖွဲ့ဝင် တစ်ဦးမှ USDP ပါတီအား မဲမပေးရန် ပြောဆိုခဲ့ခြင်း၊ ကြိုတင်မဲနှစ်ကြိမ်ပေးသူကို ရပ်/ကျေးကော်မရှင် အဖွဲ့ဝင်က တားဆီးမှုမရှိခြင်း၊ ကြိုတင်ဆန္ဒမဲပေးထားသည့် မဲပုံးအား ရပ်ကျေးကော်မရှင်အဖွဲ့ဝင် တစ်ဦးက ဖွင့်ကြည့်ခြင်း စသည့်အကြောင်းအရာတို့ဖြင့် ပုလော၊ သရက်ချောင်း၊ ကျွန်းစုမြို့နယ်တို့မှ ဝင်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများဖြစ်သော ဦးအောင်နေဇာလင်း၊ ဦးကင်းစိန်၊ ဦးစိုးထွေး၊ ဦးဇော်ညွန့်၊ ဦးမင်းထွေး၊ ဦးအောင်ကျော်နှင်းတို့က ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားခြင်း ဖြစ်သည်။

တိုင်းရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဖြစ်သူကမူ တိုင်ကြားစာပါအကြောင်းအရာများသည် လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ ရဲအရေးယူပိုင်ခွင့်ရှိသော အမှုများဖြစ်နေကြောင်း ပြောဆိုသည်။

ယင်းအတွက်ကြောင့် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားမည့်အစား ရဲတပ်ဖွဲ့ထံ အထောက်အထားခိုင်ခိုင်လုံလုံဖြင့်သာ တိုင်ကြားသင့်ကြောင်း ၎င်းက ပြောသည်။

“ရွေးကောက်ပွဲဥပဒေမှာက ဘာပါသလဲဆိုရင် သဘောရိုးဖြင့်ဆိုတာပါတယ်။ သဘောရိုး ဖြင့်မှားတယ်ဆိုလို့ရှိရင် (ရပ်/ကျေး ကော်မရှင် အဖွဲ့ဝင်တွေ၊ မဲရုံမှူးတွေကို )အရေးယူလို့မရဘူး” ဟု ၎င်းကဆိုသည်။

သို့သော် ယင်းသို့ တိုင်ကြားမှုသည် တနင်္သာရီ တိုင်းတွင်သာဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ အခြားဒေသများတွင်လည်း ရှိနေသည်။

တိုင်းရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးကမူ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မှားယွင်း တိုင်ကြားမှုဖြစ်ပါက အတိုင်ခံရသူဘက်က ပြန်တရားစွဲခွင့်ရှိကြောင်း ရှင်းပြသည်။ မှားယွင်းတိုင် ကြားမှုဆိုပါက သုံးနှစ်အထိ ထောင်ဒဏ်ကျခံရနိုင် ကြောင်းလည်း ၎င်းကပြောသည်။

USDP ထောက်ခံမှု ကျ
ရွေးကောက်ပွဲရလဒ်သည် တရားမျှတမှုမရှိဟု ဆိုကာ တိုင်ကြားထားသော USDP ပါတီမှာ မဲရလဒ်များတွင် ဒုတိယအများဆုံးဖြစ်သော်လည်း NLD၏ ရလဒ်များနှင့် နှိုင်းစာပါက ကွာခြားမှု ကြီးကြီးမားမား ရှိနေသည်။

USDP အနေနှင့် တစ်တိုင်းလုံးတွင် ပျမ်းမျှအားဖြင့် မဲရရှိမှုမှာ ၁၈ ရာခိုင်နှုန်းဝန်းကျင်သာ ဖြစ်သည်။ NLD၏ ရလဒ်နှင့် နှိုင်းယှဉ်ပါက လေးဆကျော်နည်းပါးခြင်း ဖြစ်သည်။

ထို့အတူ USDP အပေါ် ထောက်ခံမှုသည် ၂၀၁၅ ခုနှစ်က ရှိသည့် အနေအထားထက်လည်း ကျဆင်းသွားကြောင်း တွေ့ရသည်။ ၂၀၁၅ ခုနှစ်တွင် ၂၄ ရာခိုင်နှုန်းဝန်းကျင်ရှိခဲ့ရာ ငါးနှစ်အကြာတွင် ၆ ရာခိုင်နှုန်း ကျသွားခြင်း ဖြစ်သည်။

နေရာအချို့တွင် ၁၀ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းသွားခဲ့သည်ကို တွေ့ရသည်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၂ (မြိတ်မြို့နယ်) တွင်မူ ၂၅ ရာနှုန်းအထိ ထောက်ခံမှုကျဆင်းလာခဲ့သည်။

ထူးခြားချက်အနေဖြင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ ဖြစ်သည့် ဘုတ်ပြင်းမြို့နယ်တွင်မူ ကြံ့ခိုင်ရေးပါတီအား ထောက်ခံမှုသည် ၂၀၁၅ ခုနှစ်ကထက် ၁၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

ဒေါက်တာ ညိုညိုသင်း ၅ ရာခိုင်နှုန်း
ရန်ကုန်အခြေစိုက် နာမည်ကျော် နိုင်ငံရေးသမားဖြစ်ပြီး ယခုရွေးကောက်ပွဲတွင် တနင်္သာရီမြို့ နယ်(အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာ ညိုညိုသင်း ၏ မဲရလဒ်မှာ အရေအတွက် သုံးထောင်ကျော်ဖြင့် USDP ပြီးလျှင် တတိယနေရာ ချိတ်ခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၅ ရာခိုင်နှုန်းကျော်ဖြစ်သည်။

သူ၏ ပြိုင်ဘက်ဖြစ်သူ ြီူ ပါတီမှ ဦးရဲမြင့်ဆွေ မှာ မဲရလဒ် လေးသောင်းကျော်၊ ၇၆ ရာခိုင်နှုန်းကျော် ဖြင့် အနိုင်ရခဲ့သည်။ USDP က အရေအတွက် ခုနစ်ထောင်ကျော်၊ ၁၂ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယ ဖြစ်သည်။

ဒေသအခြေစိုက် တစ်ခုတည်းသော တိုင်းရင်းသား ပါတီဖြစ်သည့် ထားဝယ်တိုင်းရင်းသားများပါတီသည်လည်း ၂၀၁၅ ခုနှစ်ကထက် လူထုထောက်ခံမှု ရာနူန်း မြင့်တက်လာသည်ကိုတွေ့ရသည်။ ၂၀၁၅ ခုနှစ်က မဲရာဂဏန်းလောက်သာရရှိခဲ့သော ထားဝယ် တိုင်းရင်းသားများပါတီသည် ယခုရွေးကောက်ပွဲတွင် မဲထောင်ဂဏန်းအထိ ရရှိလာခဲ့သည်။

ကျော်သူစိုး