ကျွဲနွားများ တရားမဝင်သယ်ယူမှုဖြင့် မြန်မာနိုင်ငံသားခုနစ်ဦးအား ထိုင်းဘတ် ၅၅၀ဝ စီ ဒဏ်ရိုက်

0
335
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခရီခန်ခရိုင်၊ ထပ်စကဲမြို့တွင် နိုဝင်ဘာလ ၂ ရက်နေ့က ကျွဲနွား အကောင်ရေ ငါးဆယ်ကျော်ကို တရားမဝင်သယ်ဆောင်လာသည့် မြန်မာနိုင်ငံသား ခုနစ်ဦးအား တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၅၀ဝ နှင့် ဆိုင်းငံထောင်ဒဏ်လေးလစီ ချမှတ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်ဘက်မှ သယ်ယူလာသည့် ကျွဲနွားတို့ကို ဝယ်ယူသည့် ထိုင်းလုပ်ငန်းရှင်မှ ယူဆောင်သွားသဖြင့် ရမည့်ငွေများစောင့်ဆိုင်းနေချိန်တွင် တာဝန်ရှိသူများ၏ ဖမ်းဆီးခံရပြီး ထပ်စကဲ မြို့တရားရုံးက အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း မြိတ်ပရာကျွပ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့် က ပြောပြသည်။

မြန်မာနိုင်ငံသားတို့အား အမိန့်ချမှတ်ပြီးဖြစ်သော်လည်း ဝယ်ယူသည့် ထပ်စကဲမြို့ဒေသခံထိုင်းလုပ်ငန်းရှင်နှင့် ကျွဲနွားတို့အား စုံစမ်းဖမ်ဆီးကာ အရေးယူခြင်းမရှိခဲ့သဖြင့် ထပ်စကဲမြို့ပိုင်အား စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး စစ်ဆေး ဆောင်ရွက်သွားရန် ပရာကျွပ်ခီရီခန်ခရိုင် ဒုတိယခရိုင်ဝန်က ညွန်ကြားထားပြီးဖြစ်ကြောင်း ဦးအောင်ကြည်မြင့်က ပြောပြသည်။

ကိုဗစ်ကာလအတွင်း မောတောင်-စင်ခွန်းနယ်စပ်မှ အဝင်အထွက်မရှိစေရန် နယ်စပ်တစ်လျှောက်တွင် ထိုင်းဘက်မှ လုံခြုံရေးအစီအမံများအား တင်းကျပ်စွာ ဆောင်ရွက်ထားသော်လည်း တရားမဝင် လမ်းကြောင်းမှ ခိုးဝင်ခြင်းနှင့် ဆိုင်ကယ် အချို့သယ်ယူမှုတို့လည်း ရှိနေခဲ့ကြောင်း သိရသည်။