ရန်ကုန်မှ ထားဝယ်သို့ ခရီးသည် ခိုးတင်ခဲ့သည့် ယာဉ်နောက်လိုက်တွင် ကိုဗစ်တွေ့

0
259
ထားဝယ်မြို့အနီးရှိ ကုန်ကားယာဉ်မောင်းနှင့်နောက်လိုက်များကို နမူနာယူနေသည့်နေရာအား တွေ့ရစဉ်

ရန်ကုန်မြို့မှ ထားဝယ်သို့ ခရီးသည်ခိုးတင်လာသည့် ကုန်တင်ကား စပယ်ယာတွင် ကိုဗစ်ပိုးတွေ့ခဲ့ပြီး ခိုးလိုက် လာသူသုံးဦးတွင် ပိုးမတွေ့ခဲ့ကြောင်း ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြော သည်။

အဆိုပါကားဖြင့် ဖောင်းတော ကျေးရွာနေသူတစ်ဦး၊ ကံပေါက်ဆီအုန်း ခြံတွင် နေမည့်သူတစ်ဦးနှင့် ထားဝယ်မြို့တွင် နေထိုင်သူတစ်ဦးတို့က နိုဝင်ဘာလ ၁ ရက်နေ့တွင် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှစ်သောင်းနှုန်းဖြင့် လိုက်လာခဲ့ ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် ကုန်တင်လာသည့် မှန်လုံကားမောင်းသူနှင့် ယာဉ်နောက်လိုက်အား နမူနာစစ်ဆေးရာ ယာဉ်နောက်လိုက်တွင် ကိုဗစ်ပိုးတွေ့ ခဲ့သည်။

ထို့နောက် အဆိုပါ ခိုးလိုက်လာသူ သုံးဦးကို စစ်ဆေးရာ ကိုဗစ်ပိုးမတွေ့ခဲ့ကြောင်း ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ခရိုင် အုပ်ချုပ်ရေးမှူးထံ တင်ပြထားပြီး မည်ကဲ့သို့ ဆက်လက်အရေးယူမည်ကို မသိရသေးကြောင်း၎င်းက ဆိုသည်။

“အရေးယူမယ်လို့ ထင်ပါတယ်။ သူတို့ခိုးတင်လာတယ်ဆိုတော့လေ၊ ကျွန်တော်တို့လည်း ပြောပြထားပါတယ်။ အရေးယူဖို့ လိုအပ်မယ်လို့ တင်ပြထားပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ သုံးဦးကို တင်လာသည့် ကားမှာ မှန်လုံကားဖြင့် ကုန်ပစ္စည်းတင် သည့်ကားဖြစ်ပြီး နိုဝင်ဘာလ ၁ ရက် နေ့ညက ခိုးလိုက်လာသူသုံးဦးကို ကလိန်အောင် (ကံပေါက်) လမ်းဆုံတွင် ချထားခဲ့ကြောင်း ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုးက ပြောသည်။

မှန်လုံကားရှိ လူထိုင်ခုံများဖြုတ်ပြီး ကုန်ပစ္စည်းတင်ဆောင်ကြခြင်းဖြစ်ပြီး ခိုးလိုက်လာသူများကို လူမမြင်နိုင်စေရန် ကုန်ပစ္စည်းအလယ်တွင် ထိုင်ခိုင်းကြောင်း ၎င်းက ပြောသည်။

ကိုဗစ်ကူးစက်မှုကိုတားဆီးနိုင်ရန် သတ်မှတ်ထားသည့်တားမြစ်ချက်ကို ဖောက်ဖျက်သည့်အတွက် ထိထိရောက်ရောက် အရေးယူသင့်ကြောင်း ကိုဗစ် ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသ လူထုအခြေပြု အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆို သည်။

ယင်းကဲ့သို့ အရေးယူပေးရန် တိုင်းဒေသကြီး ကိုဗစ်ကော်မတီထံ စာပို့တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကုန်တင်ကားတွင် ခရီးသည်တင်ဆောင်ပါက ထိရောက်စွာအရေးယူမည့် စည်းကမ်းချက်များကို ထုတ်ပြန်ထား ပြီးဖြစ်သည်။