အယောင်ဆောင်မဲပေးသူကို အမှုဖွင့်

0
329
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်နေ မဲဆန္ဒရှင်တစ်ဦးကို အယောင်ဆောင်မဲပေးမှုဖြင့် အမှုဖွင့် အရေးယူထားသည်ဟု မော်လမြိုင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးလွင်က ပြောသည်။

နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ကျောက်တန်းရပ်ကွက်နေ ရွှေထွန်းဆိုသူ က ၎င်း၏ညီ တင်ရွှေဆိုသည့် နာမည်ပါ မှတ်ပုံတင်ဖြင့် ရပ်ကျေးကော်မရှင်ရုံးတွင် ကြိုတင်မဲလာပေးခဲ့သည်ကို စိစစ်တွေ့ရှိ ပြီး ကော်မရှင်က ‌အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

“မဲလာပေးသူက သူ့နာမည် ရွှေထွန်း မှတ်ပုံတင်က သူ့ညီမှတ်ပုံတင် တင်ရွှေဆိုတဲ့ မှတ်ပုံတင်ယူပြီးတော့ မဲလာပေးတယ်။ တင်ရွှေကတော့ မဲစာရင်းမှာ ပါနေတယ်။ လာပေးတော့ ပါတီတွေက တွေ့ရှိသွားတာပေါ့နော်” ဟု ဦးဌေးလွင် က ပြောသည်။

၎င်းအား အယောင်ဆောင်မဲပေးမှုအဖြစ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၅၉(ဇ) ဖြင့်အရေးယူကာ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ၎င်းက ဆိုသည်။ ဥပဒေပုဒ်မ ၅၉(ဇ) ဖြင့် ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ် သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်သည်။

အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်မဲပေးရသည့် အောက်တိုဘာ ၂၉ ရက်နေ့ မှ နိုဝင်ဘာ ၅ ရက်နေ့ကာလ၌ မော်လမြိုင်မြို့နယ်အတွင်း ကြိုတင်မဲပေးမှုနှင့် ပတ်သက်ပြီး လွဲချော်မှုများရှိခဲ့ပြီး တိုင်ကြားမှု ကန့်ကွက်မှုများရှိခဲ့သည်။

ကြိုတင်မဲနှင့် ပတ်သက်ပြီး ဖြစ်ပွားနေသည့် ပြဿနာများကို ကော်မရှင်အနေနှင့် စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် လိုသည်ဟု ကိုယ်စားလှယ်လောင်းတို့က ပြောသည်။

“ဒီလိုမဖြစ်အောင် ကော်မရှင်အပါ အဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စနစ်တကျ ကိုယ်တွယ်ဖို့လိုသလို သက်ဆိုင်ရာပါတီကိုယ်စားလှယ်တွေက လည်း ထိန်းသိမ်းဖို့လိုတယ်” ဟု ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ မင်းအောင်ထူးက ပြောသည်။

မော်လမြိုင်မြို့နယ်တွင် မဲရုံ ၁၁၉ ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ၂၄၈၀ဝ၀ ကျော် ရှိကာ နိုဝင်ဘာ ၄ ရက်နေ့အထိစာရင်းအရ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်မဲပေးထားသူ ၃၂၄၈၈ ရှိသည်ဟု မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိ စာရင်းအရ သိရသည်။