မဲဆန္ဒရှင်များအား မဲပြား ခေါက်ချိုးပြီး ထုတ်ပေးသည်ဟုဆို

0
266
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့နယ်၊ ကနိုင်းဒါ ကျေးရွာတွင်ကြိုတင်မဲ ကောက်ယူရာတွင် မဲဆန္ဒရှင်များသို့ မဲလက်မှတ်ထုတ် ပေးရာတွင် မဲပြားအား ခေါက်၍ပေးခြင်း ကြောင့် မဲပေးသည့်သူများအနေနှင့် မိမိမဲပေးလိုသည့် ပါတီအမှတ်တံဆိပ်ရှာရန် အခက်အခဲများ ကြုံရကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ကိုယ်စားလှယ်လောင်း ဦးမောင်သိန်း (ခ) ဦးလှသိန်းမှ ပြောသည်။

နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် ကျေးရွာအတွင်း မသန်စွမ်းမဲဆန္ဒရှင်များအား အိမ်တိုင်ရာ ရောက် ဆန္ဒမဲကောက်ယူရာတွင် မဲလက်မှတ်အအား ခေါက်ချိုးပြီး ကြိုက်တဲ့ ပါတီ မဲပေးနိုင်ကြောင်းပြော၍ ဆန္ဒမဲပေးခိုင်းသည်ဟု မဲရုံကိုယ်စားလှယ် ဦးညွန့်တင် က ဆိုသည်။

ထို့အတူ အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ထိုကဲ့သို့ ထုတ်ပေးသည်ကို သတိပြုမိခဲ့သည်ဟု ၎င်းက ဆိုသည်။

ထိုသို့ မဲလက်မှတ်ကို ခေါက်ချိုး ပြီး ထုတ်ပေးခြင်းကြောင့် မဲပေးမည့် သက်ကြီးရွယ်အိုများအနေနှင့် ပါတီ ကိုယ်စားလှယ်အားလုံးကို မြင်တွေ့ခြင်းမရှိဘဲ အချို့ကိုသာ မြင်တွေ့ရ ကြောင်း ၎င်းက ဆိုသည်။

ယင်းနေ့က ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မဲဆန္ဒရှင်တစ်ဦးဖြစ်သူ ဒေါ်ခင်တင်လှ က ယခုလို ပြောဆိုသည်။

“တိုင်းဒေသကြီးလွှတ်တော်မဲပြားကိုတော့ ခေါက်ပြီးပေးတာ ကျွန်မတို့ အိမ်က သုံးချပ်စလုံးပါပဲ။ ကျွန်မကတော့ သိနေလို့ မဲပြားကိုဖြန့်ပြီး ပေးချင်တဲ့နေရာပေးလိုက်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျေးရွာ ကော်မရှင်ဥက္ကဋ္ဌ ဦးထွန်းမင်းလတ်ကမူ ငြင်းဆိုခဲ့ပြီး မဲပြားခေါက်ပြီးမဲဆန္ဒရှင် ကိုပေးခဲ့ခြင်း မင်ကြောင်း၊ (ဖျက်သိမ်းခြင်းခံထားရသည့်)နှင်းဆီပါတီကို ဆန္ဒမပြုရန်နှင့် မဲဆန္ဒရှင်များအဆင်ပြေ ချောမွေ့စေရေး အကူအညီပေးခြင်းသာရှိ ခဲ့ကြောင်း ပြောဆိုသည်။

တင်ဌေး