ပွဲတော်ပျောက် ကောက်ညှင်းကျည်တောက်

0
420
ကောက်ညှင်းကျည်တောက် ရောင်းချနေသူအမျိုးသမီးတစ်ဦး

၁၉၉၆ ခုနှစ်က ထားဝယ်မှာကျင်းပခဲ့တဲ့ ကျောင်းသားအားကစားပွဲတော်က သီချင်းတစ်ပုဒ် ဖြစ်တဲ့ “ရဟှယ်ရှင်” သီချင်းကို မှတ်မိကြမယ်ထင် ပါတယ်။

“တောန်မန်းဗြောန်မာ ကောန့်ညှင်းက္လယ်တောန့် လိုက်စားဘာလော်မယ် စားနိုဟှရှင်… ရဟှယ်ရှင် ရဟှယ်ရှင်၊ ရှမ္မလယ်ဆွဲ လားဖြားလှဲ့ပွဲ လိုက်ကေ့ကေ့ဇို့မီး …”

ဒါပေမဲ့ အဲဒီသီချင်းထဲကလို တောင်မင်းပြောင်ရွာမှာ ကောက်ညှင်းကျည်တောက်လိုက်စားဖို့ သွားမခေါ်လေနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနှစ်ရဲ့မှာတော့ ကောက်ညှင်းကျည်တောက်လုပ်သူတွေ မရှိကြတော့လို့ပါပဲ။

ကောက်ညှင်းကျည်တောက်ရောင်းသမား ဒေါ်ချိုဝင်းတစ်ယောက် မှန်းချက်နဲ့ နှမ်းထွက် တက်တက်စင်လွဲခဲ့ရပါတယ်။

သူက ထားဝယ်မှာ နှစ်တိုင်းကျင်းပနေတဲ့ ဟိန္ဒူမမဘုရားပွဲမှာ ကောက်ညှင်းကျည်တောက် ရောင်းမယ်လို့ အားခဲပြီးတော့ ကောက်ညှင်းကျည် တောက်လုပ်တဲ့ ဝါးတွေကို ကြိုမှာထားလိုက်တာပါ။

ဟိန္ဒူမမဘုရားပွဲဆိုတာ ပွင့်လင်းရာသီအစ ထားဝယ်မှာ ပထမဆုံးကျင်းပတဲ့ပွဲတော်တစ်ခုဖြစ် ပါတယ်။ ရှမ္မလည်ဆွဲရပ်မှာကျင်းပတာဖြစ်ပြီး ဒီလို အချိန် မိုးအကုန် ဆောင်းအကူးဆို မမဘုရားကျောင်းမှာ စည်းကားနေပါပြီ။

အဲဒီပွဲတော်အချိန်ကို ဒေါ်ချိုဝင်းက စောင့်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်ပွဲတော်ကျင်းပတဲ့အချိန် ရောက်တော့ ခဲလေသမျှ သဲရေကျသလို ဖြစ်ခဲ့ရပါတော့တယ်။

အကြောင်းကတော့ သူကောက်ညှင်းကျည်တောက်ရောင်းမယ်လို့ စိတ်ကူးထားတဲ့ မမဘုရားပွဲက ဒီနှစ်မှာ ကိုဗစ်ကပ်ဘေးကြောင့် မကျင်းပဖြစ်ခဲ့ ပါဘူး။

ပွဲတော်မှာရောင်းဖို့ ကောက်ညှင်း ကျည်တောက်လုပ်တဲ့ ဝါးတွေကိုလည်း ကြိုဝယ်ထားပြီးသားဖြစ်နေပြီ။ အဲဒါနဲ့ ဖြစ်ချင်ရာဖြစ် ကောက်ညှင်းကျည်တောက်တွေကို နှစ်တိုင်းသူရောင်းနေကျ မမဘုရားကျောင်းရှေ့မှာသွားရောင်းဖို့ သူဆုံးဖြတ် လိုက်ပါတယ်။

ဒေါ်ချိုဝင်းတို့ ကောက်ညှင်း ကျည်တောက်သမားတွေက ပွဲတော်လမ်းတော်တွေရှိမှ အူစိုကြတာပါ။ သူတို့မိသားစုက ပွဲတော်တွေမှာ ကောက်ညှင်းကျည်တောက်အပြင် ဝက်သားတုတ်ထိုးနဲ့ ပူပေါင်း ဖောက်ဆိုင်ကိုလည်း ဖွင့်ရောင်းတဲ့သူတွေပါ။

ဒီနှစ်တော့ ပွဲတော်လည်းမရှိဆိုတော့ ဝယ်ထားတဲ့ ဝါးတွေဆုံးမှာ ကြောက်လို့ ကောက်ညှင်းကျည်တောက် ဖုတ်ပြီး သူနှစ်တိုင်းရောင်းနေကျ ရှမ္မလည်ဆွဲက ဟိန္ဒူမမဘုရားကျောင်းရှေ့မှာ ညနေဘက်ဆို လာလာရောင်းပါတယ်။

“ပထမစရောင်းတုန်းက စည်ပင်က လာတားသေးတယ်။ ဝါးလုံးတွေကြိုဝယ်ထားပြီးဖြစ်နေလို့ နည်းနည်းရောင်း ခိုင်းပါဆိုပြီး တောင်းပန်လိုက်လို့ ရသွား တာ”လို့ ဒေါ်ချိုဝင်းက ဆိုပါတယ်။

မမဘုရားပွဲတော်က သူတို့လို ကောက်ညှင်းကျည်တောက်သမားတွေ ရဲ့ ဈေးကွက်စဖွင့်တဲ့အချိန်လည်းဖြစ်ပါတယ်။ ဒီပွဲတော်ပြီးရင် ထားဝယ်ဒေသမှာ ပွဲတော်တွေက ဆက်တိုက်ရှိပါတယ်။ ဒေါ်ချိုဝင်းနေတဲ့ ထားဝယ်မြို့သစ်ရပ်ကွက်၊ ၇ လမ်းသွယ်ထဲမှာဆိုရင် အိမ်တိုင်းနီးပါး ကောက်ညှင်းကျည်တောက် လုပ်တဲ့သူတွေရှိပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာ ကောက်ညှင်းကျည်တောက်ဖုတ်သမားက ဒေါ်ချိုဝင်းတို့ မိသားတစ်စုပဲရှိတယ်။ ကျန်တဲ့သူတွေအကုန် အလုပ်နားထားကြပါတယ်။

ထားဝယ်က ကောက်ညှင်းကျည်တောက်ရောင်းသမာတစ်ဦးဖြစ်တဲ့ ဒေါ်ခင်နှစ်တစ်ယောက်ကတော့ သီဟိုစေ့ ခွဲတဲ့အလုပ်ကို လုပ်နေရပါတယ်။ အဲဒီ အလုပ်က နေ့တိုင်းမရှိသလို အလုပ်ရှိ ပြန်ရင်လည်း မိသားစုသုံးယောက် တစ်နေ့လုံးလုပ်မှ ကျပ်လေးထောင်လောက် ပဲရတယ်လို့ဆိုပါတယ်။

“အလုပ်မရှိဘူးဆိုတော့ လေးထောင် ပဲရပါစေဆိုပြီး လုပ်နေရတာပေါ့” လို့ ဒေါ်ခင်နှစ်က ပြောပါတယ်။

တစ်ချိန်က ကောက်ညှင်းကျည်တောက်မှာ နာမည်ကြီးခဲ့တဲ့ လောင်းလုံးမြို့နယ် တောင်မင်းပြောင်ရွာမှာလည်း ဒီနှစ်တစ်ရွာလုံး ကောက်ညှင်း ကျည်တောက်လုပ်တဲ့သူ တစ်ယောက်မှ မရှိကြဘူး။ သူတို့တတွေလည်း ကြုံရာကျပန်း အလုပ်တွေလုပ်နေကြရှာပါတယ်။

တချို့ဆို အလုပ်မရှိ၊ ဝင်ငွေမရှိလို့ အတိုးနဲ့ငွေချေးပြီးစားသောက်နေရတဲ့သူတွေတောင်ရှိကြပါတယ်။

“ဒီလိုပဲ အလုပ်ရတဲ့အချိန်ဆို ပေးမယ်ဆိုပြီးတော့ ချေးငှား စားသောက်နေရတာပေါ့” လို့‌ တောင်မင်းပြောင်ရွာက ကောက်ညှင်းကျည်တောက်သမား ဒေါ်စန်းအေးက ဆိုပါတယ်။

အခုဒေါ်စန်းအေးက ကျွဲကောသီး၊ ငှက်ပျေားသီ စတဲ့ သစ်သီးလေးတွေ နည်းနည်းဝယ်ပြီး ရွာမှာပြန်ရောင်းတဲ့ အလုပ်ကို လုပ်နေရပါတယ်။ အဲဒီ အလုပ်ကိုလည်း အလုပ်ရှိတယ်ဆိုရုံလေး ဖြစ်အောင်ရောင်းနေတာသာဖြစ်တယ်လို့ဒေါ်စန်းအေးက ဆိုပါတယ်။

တကယ်တော့ ဒီလိုပွဲလမ်းသဘင်တွေ မရှိတော့တာက ကောက်ညှင်း ကျည်တောက်သမားတွေပဲ အခက်တွေ့ ကြတာလားဆိုတာ့ မဟုတ်ပါဘူး။ ကောက်ညှင်းကျည်တောက်လုပ်သူတွေရဲ့နောက်မှာ ကောက်ညှင်းကျည်တောက် အခွံနွှာတဲ့ အလုပ်လုပ်တဲ့သူတွေရှိပါသေးတယ်။

အခွံနွှာသမားတစ်ယောက်ဟာ ကောက်ညှင်းကျည်တောက်အလုံးတစ်ရာကို ကျပ်နှစ်ထောင်ရကြပါတယ်။ ပွဲလမ်းသဘင်ရှိတဲ့ နှစ်တွေကဆိုရင် တစ်နေ့တစ်နေ့ သူတို့ရှာလို့ရတဲ့ဝင်ငွေက ရှစ်ထောင်ကနေ တစ်သောင်းအထိ ရှိကြတယ်လို့ဆိုပါတယ်။

လုပ်ငန်းရှင်တစ်ယောက်က အနည်းဆုံး လုပ်သမားနှစ်ယောက်ကို အလုပ်ပေးနိုင်ပါတယ်။ ဒီနှစ်တော့ ဒေါ်ချိုဝင်းဆီမှာ အလုပ်လုပ်နေတဲ့သူနှစ်ယောက်ပဲရှိပါတယ်။ သူတို့နှစ်ယောက်တစ်နေ့ နှစ်ထောင်ကျပ်ပဲရတာပါ။

အဲဒီနှစ်ထောင်ကျပ်နဲ့ သူတို့လည်း စားလို့မလောက်တော့ သူများတွေလိုပဲ သီဟိုဠ်စေ့ခွဲတဲ့အလုပ်ကို တွဲလုပ်ကြရပါတယ်။ ဒါပေမယ့် အလုပ်က ရှိတစ်နေ့၊ မရှိသုံးနေ့ ဖြစ်နေတာက ဆိုးပါတယ်။

ဟိန္ဒူမမဘုရားပွဲကို အားကိုးပြီးတော့ ဝါးလုံးကြိုဝယ်ထားမိလို့ မဖြစ်မနေ ကောက်ညှင်းကျည်တောက်ဖုတ်နေရတဲ့ ဒေါ်ချိုဝင်းတစ်ယောက်လည်း တွက်ခြေသိပ်မကိုက်လှပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနှစ်ကောင်ညှင်းဆန်နဲ့ အုန်းသီးဈေးတွေက မြင့်တက်နေလို့ ပဲဖြစ်တယ်။

မနှစ်က ကောက်ညှင်းဆန်တစ် ပြည်စာအတွက် အရင်းအနှီးဟာ ကျပ်ခုနစ်ထောင်လောက် ကုန်ကျခဲ့ပေမဲ့ အခုမှာတော့ ကျပ်ကိုးထောင်လောက် ရှိနေတာပါ။

သူကြိုဝယ်မိထားတဲ့ ဝါးလုံးတွေ ကုန်သွားရင်တော့ ဒေါ်ချိုဝင်းက ရွာစဉ် လှည့်ပီး ငါးခြောက်၊ ပုစွန်ခြောက်တွေ ရောင်းဖို့ စိတ်ကူးထားပါတယ်။ အခုလည်း လိုက်ရောင်းနေတာရှိပါတယ်။

အဲဒီမှာလည်း ဒေါ်ချိုဝင်းမှာ အခက်အခဲတစ်ခုက ပေါ်လာပြန်ပါပြီ။ အချို့ရွာတွေထဲ ဝင်ခွင့်မရတဲ့ အခက်အခဲပါ။ ကိုဗစ်ကူးစက်မှုကို ကာကွယ်တယ်ဆိုပြီး အချို့ရွာတွေက ရွာထိပ်မှာ ပိတ်ထားကြတာကြောင့်ပါ။

ဘုရားပွဲတော်မရှိပေမဲ့ ဒေါ်ချိုဝင်း တစ်ယောက် သူနှစ်စဉ်ရောင်းနေကျ ဟိန္ဒမမဘုရားကျောင်းရှေ့မှာ နေရာကလေးမှာ ကောက်ညှင်းကျည်တောက်တွေ ချပြီး ရောင်းနေပါတယ်။

“ကျွန်မမှာက ဝါးကဝယ်ထားပြီးသား ဖြစ်နေတာဆိုတော့ မလုပ်ဘဲမရတော့လို့ လုပ်နေရတာ” လို့ ဒေါ်ချိုဝင်း က ဆိုပါတယ်။

ကျော်သူစိုး