လော့ဒေါင်းဧရိယာနှင့် ကွာရန်တင်းစခန်းမှ ကြိုတင်မဲများ အိမ်တိုင်ရာရောက် ကောက်ခံမည်

0
170
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့နယ်အတွင်းရှိ ကိုဗစ်ကပ်ဘေးကြောင့် လော့ဒေါင်းချထားသည့် ဧရိယာနှင့် ကွာရန်တင်းစခန်းများတွင် နေထိုင်သူများ၏ ကြိုတင်မဲများကို အိမ်တိုင်ရာရောက်ကောက်ခံသွားရန် စီစဉ်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ကိုဗစ်ရောဂါ ကူးစက်မှုများသည့်အတွက် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ နေရာအချို့တွင် လော့ဒေါင်းချထားသည်။

အဆိုပါ လော့ဒေါင်းဧရိယာနှင့် ကွာရန်တင်းစင်တာများတွင် ရှိနေသူများ ကြိုတင်မဲပေးနိုင်ရန် ကော်မတီတစ်ခုဖွဲ့စည်းထားပြီး နိုဝင်ဘာလ ၅ရက်နေ့ နောက်ဆုံးထားကောက်ခံသွားမည်ဟု မြို့နယ်ရွေးကော် ဥက္က္ကဌ ဦးစိုးလွင်က ဆိုသည်။

“PPE အင်္ကျီတွေ၊ ကာကွယ်နိုင်တဲ့ ပစ္စည်းတွေပေါ့နော်၊ အားလုံးဝတ်ဆင်ပြီး လော့ဒေါင်းထဲဝင်ပြီး ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ကြိုတင်မဲ ကောက်မယ်ခင်ဗျား” ဟု ဦးစိုးလွင်က ဆိုသည်။

ကွာရန်တင်းစခန်းများတွင် ကွာရန်တင်းဝင်မည့် လူဦးရေအပေါ်မူတည်ကာ ကြိုတင်မဲပေးသူ တိုးလာနိုင်သေးကြောင်း မြို့နယ်ရွေးကော်အဖွဲ့ခွဲထံမှ သိရသည်။